မန္တလေး ၄  မတ် 


ယခုနှစ်တွင် ကျင်းပမည့် မန္တလေးသင်္ကြန်ပွဲတော်တွင် ပြည်ထောင်စုပုံရိပ်ကို ဖော်ညွှန်းသည့် တိုင်းရင်းသားသွေးချင်းများ၏ ရိုးရာသင်္ကြန် အစီအစဉ်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

 

အဆိုပါအစီအစဉ်ကို မန္တလေးမြို့တွင် အခြေစိုက်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများမှ စုပေါင်း၍ မိမိတို့၏ ရိုးရာဓလေ့ ယဉ်ကျေးမှုအလိုက် ဝတ်စားဆင်ယင်ကာ ရေကစားခြင်း ရိုးရာဓလေ့ အဆို၊ အတီး၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

 

''ဒီနှစ်မှာ ကျင်းပမယ့် မန္တလေးသင်္ကြန်ပွဲတော်မှာ ယခင်နှစ်တွေက ကျင်းပခဲ့တဲ့ လမ်းလျှောက်သင်္ကြန် တောသင်္ကြန်ပွဲတော်အပြင် ပြည်ထောင်စုဖွားသွေးချင်းများရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့အတိုင်း  ရေကစားပြီး ရိုးရာသီချင်းတွေနဲ့ ကပြဖျော်ဖြေကြမယ့် တိုင်းရင်းသားသွေးချင်းများ၏ ရိုးရာသင်္ကြန်အစီအစဉ်ကို ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။ ဒါအပြင် နှစ်ပေါင်းများစွာ တိမ်မြှုပ် ပျောက်ကွယ်နေတဲ့ ရှေးခေတ်မန္တလေးသင်္ကြန်ပွဲတော်ရဲ့ ပုံရိပ်တွေဖြစ်တဲ့ ရပ်ကွက်အလိုက် ရိုးရာယိမ်းအက ပြိုင်ပွဲတွေလည်း ဒီနှစ်မှာ ပြန်လည်ထည့်သွင်းကျင်းပသွားမှာပါ'' ဟု ၄င်းက ပြောသည်။

 

ထို့ပြင် ယခင်နှစ်များက ကျုံးတောင်ဘက်ခြမ်းတွင် ထည့်သွင်းကျင်းပခဲ့သည့် လမ်းလျှောက်သင်္ကြန်ပွဲတော် အစီအစဉ်တွင် ကြိတ်ကြိတ်တိုး စည်ကားခဲ့ခြင်းကြောင့် ယခုနှစ်တွင် ကျုံးတောင်ဘက်ခြမ်းသာမက ကျုံးအရှေ့ဘက်ခြမ်း၌ပါ တိုးချဲ့ကျင်းပသွားမည့်အပြင် ဒေသခံပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်စေရန် လမ်းလျှောက်သင်္ကြန်မဏ္ဍပ် နေရာအတွက် ကောက်ခံမှုဈေးနှုန်းများကိုလည်း ယမန်နှစ်ထက် ထက်ဝက်လျော့၍ ကောက်ခံသွားမည်ဖြစ်ပြီး တောသင်္ကြန်ညဈေးအစီအစဉ်တွင်လည်း ယခုနှစ်တွင် နေ့ရောညပါ ရောင်းချနိုင်ရန် ဆိုင်ခန်းပေါင်း ၂၀ဝ ကျော် နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများအား ကျုံးအနောက်ဘက် လမ်း ၈၀ ပေါ်တွင် ပေ ၁၀ဝ အကျယ်ရှိ မဏ္ဍပ်ကြီး ၁၇ ခု၊ ကျုံးမြောက်ဘက် ၆၆ လမ်းနှင့် ၇၆ လမ်းကြားတွင် ပေ ၁၀ဝ အကျယ်ရှိ မဏ္ဍပ်ကြီး ၁၀ ခု နေရာချထားပေးမည်ဖြစ်ပြီး ၇၆ လမ်းနှင့် လမ်း ၈၀ ကြားတွင် မိသားစုလိုက် ရေစုပ်စက်များဖြင့် ရေကစားနိုင်မည့် နေရာများ ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်

 

3420199