မန္တလေး ၅ မတ်
မန္တလေး မဟာသင်္ကြန်အတွင်းတွင် လူကုန်ကူမှု မဖြစ်ပေါ်စေရေးအတွက် မြို့ဝင်မြို့ထွက် ဂိတ်များနှင့် မဏ္ဍပ်များ၌ လုံခြုံရေး အပြည့်အဝ ချသွားမည်ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ခွဲ မန္တလေးထံက သိရသည်။
မဟာသင်္ကြန်ကာလ မကျရောက်မီအတွင်းတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဟောပြောပွဲများ ကားကြီးဝင်းများတွင် လူကုန်ကူးမှု ပညာပေး လက်ကမ်းစာစောင်များ စသည့် လူကုန်ကူးမှု မဖြစ်ပေါ်စေရေး ပညာပေး ဆိုင်းဘုတ်များ နေရာအနှံ့ချသွားမည်ဖြစ်သည်။
"သင်္ကြန်မှာ လူကုန်ကူးမှုမဖြစ်ပေါ်စေရန် မဏ္ဍပ်တွေမှာကော ကားဂိတ်တွေမှာကော လုံခြုံရေးအပြည့် ချသွားမယ် သင်္ကြန်မရောက်ခင်ကတည်းက ဟောပြောပွဲတွေပြုလုပ်သွားမယ် နောက်ပြီး လူကုန်ကူးမခံရအောင်ဘာတွေ လုပ်သင့်တယ် ဘာတွေမလုပ်သင့်ဘူးဆိုတာတွေပြောသွားမယ်" ဟု အဆိုပါတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် လူကုန်ကူးမှုကိုဖြစ်ပေါ်စေသည့် ကာမစိတ်ကြွဆေးများ၊အချိုရည်များ စသည့် မူးယစ်ဆေးဝါး ပစ္စည်းများကိုလည်း နေရာအနှံ့ အရပ်ဝတ်များဖြင့် မဏ္ဍပ်များ လူစည်ကားသော နေရာများ ဈေးဆိုင်တို့တွင် လိုက်လံစစ်ဆေးသွားမည် ဖြစ်သည်။
မန္တလေးတွင် ၂၀၁၈ ခုနှစ်အတွင်း ပြည်ပလူကုန်ကူးခံရသည့် အမှု ၂၄ မှု၊ ပြည်တွင်းလူကုန်ကူးခံရမှု နှစ်မှု စုစုပေါင်း ၂၆ မှုရှိပြီး ၂၀၁၇ ခုနှစ်က ပြည်ပလူကုန်ကူးခံရမှု ၁၁ မှု၊ ပြည်တွင်းလူကုန်ကူးခံရမှု သုံးမှု စုစုပေါင်း ၁၄ မှု ရှိခဲ့သည်။
"ကျွန်တော်တို့တစ်ဖွဲ့တည်းမဟုတ်ပါဘူး အဖွဲ့တွေ အကုန်လုံးပူးပေါင်းပြီးလုပ်သွားမှာပါ မူးယစ်ဆေးဝါးတွေ လဲစစ်မယ်။ ကာမစိတ်ကြွဆေးတွေလဲ ဆေးဆိုင်တွေ၊ လမ်းဘေးဆိုင်တွေ စစ်သွားမယ်။ အဲ့ဒါတွေက လူကုန်ကူးမှုတားဆီးရေးကို အထောက်အကူဖြစ်စေတယ်လေ" ဟု ၎င်းကဆက်ပြောသည်။
လူကုန်ကူးမှုများကို ARCPPT / ARTIP အာရှဒေသ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စီမံကိန်း၊ AAPTIP သြစတြေးလျလူကုန်ကူးမှု တိုက်ဖျက်ရေးစီမံကိန်း၊UNICEF/ UNIAP -UN-ACT/ IOM၊ ILO၊World Vision Myanmar/ Save the Children၊ AFXB၊ JICA၊ MTV Exit အဖွဲ့များဖြင့် ပူးပေါင်း တိုက်ဖျက်နေကြောင်းသိရသည်။
သူရိန်လင်း


