မန္တလေး ၂၅ ဧပြီ
မန္တလေးတိုင်းဒေသကြီးအတွင်း သတင်းအချက်အလက် လက်လှမ်းမှီစွာ ရရှိနိုင်ရေး၊ စုံလင်ကွဲပြားမှုများနှင့် မီဒီယာ ဖိုရမ်တို့ကို ဧပြီလ ၂၄ရက်နေ့ နှင့် ၂၅ရက်က မန္တလေးမြို့ Sakura Princess ဟိုတယ်တွင် ကျင်းပခဲ့သည်။
ဧပြီလ ၂၄ရက်နေ့က ကျင်းပသည့် စီးပွားရေး သတင်းအချက်အလက်များ လက်လှမ်းမှီစွာ ရရှိနိုင်ရေး ဖိုရမ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက အဖွင့် အမှာစကားပြောကြားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေး မှုးချုပ်က ဗဟိုစာရင်းအင်းအဖွဲ့အကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့သည် အရည်အသွေးပြည့်ဝပြီး ပြည့်စုံ တိကျမှန်ကန်သည့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ညွှန်းကိန်းများ ပြည့်စုံစွာ တွက်ချက်ဆောင်ရွက်နိုင်သည့် အမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်စန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်၊ Mandalay Indepth News မီဒီယာမှ အယ်ဒီတာချုပ် ဦးမောင်တာ၊ Internews ၏ သတင်းစာအကြံပေး ဦးစိန်ဝင်း တို့က အစိုးရ၊ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများအကြား သတင်းအချက်အလက်များစီးဆင်းမှု ပိုမိုကောင်းမွန်စေရန်အတွက် အခြေအနေများ၊ အခက်အခဲနှင့် စိန်ခေါ်မှုများ၊ သတင်းအချက်အလက်၏ အရေးကြီးပုံ စသည့်အခြေအနေများကိုဆွေးနွေးခဲ့ကြသည်။
ယနေ့ကျင်းပသည့် ဖိုရမ်တွင် မြန်မာနိုင်ငံသည် စုံလင်ကွဲပြားသော တိုင်းရင်းသားလူမျိုးများ၊ ဘာသာတရားများဖြင့် အတူယှဉ်တွဲနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ယင်းသို့ စုံလင်ကွဲပြားမှုများနှင့် စပ်လျဉ်း၍ မီဒီယာတွင်ဖော်ပြရာ၌ အခက်အခဲများ၊ စိန်ခေါ်မှုများကြုံတွေ့နေရပြီး အဆိုပါ စိန်ခေါ်မှုများကို မည်သို့ဖြေရှင်းနိုင်ကြမည်ဆိုသည်ကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်များသည် ပြည်ထောင်စုအဆင့်တွင်သာမက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးများတွင်လည်း ဖြစ်ပေါ်လျက်ရှိပြီး ပြည်နယ်၊ တိုင်းဒေသကြီးတို့အတွင်း အစိုးရအဖွဲ့အစည်းများနှင့် မူဝါဒချမှတ်သူများသည် စီမံဆုံးဖြတ်ခွင့်နှင့် လုပ်ပိုင်ခွင့်များကို ပိုမိုရရှိလာနေကြကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အခြေပြု၍ သတင်းရေးသားသူများအနေဖြင့် ပြည်နယ်၊ တိုင်းဒေသကြီး၏ စီးပွားစံမံအုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ ပိုမိုဖော်ထုတ်ရေးသားရန် သတင်းအချက်အလက်နှင့် ဒေတာလက်လှမ်းမှီစွာ ရရှိရေးအတွက် USAID ၏ Private Sector Development Activity (PSDA) အစီအစဉ်ဖြင့် Internews မှ ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
အေးမြ (မန္တလေး)


