မန္တလေး ၃၀ ဧပြီ
လျှပ်စစ်ဓာတ်အား သုံးစွဲမှု လိုအပ်ချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်း၌ မဂ္ဂါဝပ် ၅၀ ခန့်ဝန်အား လျှော့ချပေးနေလျက်ရှိရာ အဆိုပါဝန်အားလျှော့ချမှုတွင် ပြည်သူများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် အချိန်တစ်နာရီထက်မပိုသော ဓာတ်အားလိုင်း ပိတ်နည်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု မဂ္ဂါဝပ်မှာ ၃၆၀ဝ ကျော် ရှိသော်လည်း လက်ရှိသုံးစွဲမှု ပမာဏမှာ မဂ္ဂါဝပ် ၃၈၀ဝ ကျော်ရှိနေသဖြင့် မဂ္ဂါဝပ် ၂၀ဝ ခန့် ဝန်အားလျှော့ချရန် လိုအပ်နေသည့်အတွက် မန္တလေးတိုင်းဒေသကြီးမှ အဆိုပါဝန်အား လျှော့ချမှုတွင် ပြည်သူများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ရာသီဥတုအခြေအနေပေါ်မူတည်၍ မီးဖြတ်တောက်မှုကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။
''ဒီနှစ်နွေရာသီမှာ ဓာတ်အားမလုံလောက်မှုတွေက မတ်လ ၂၀ ရက်လောက်ကတည်းက ဖြစ်နေတယ်။ ဒီနှစ်မှာ မိုးရွာသွန်းမှုနည်းတဲ့အပြင် အချို့ဆည်တွေက စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ရေကို ထုတ်သုံးစွဲနေရတဲ့အတွက် ဓာတ်အားထုတ်လုပ်မှုမှာ ရေမလုံလောက်မှုတွေ ဖြစ်နေတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် မဂ္ဂါဝပ် ၂၀ဝ လောက် လိုအပ်နေတယ်။ ဒါကြောင့် မန္တလေးတိုင်းအတွင်းမှာ လျှော့ချတဲ့ ဓာတ်အားလိုင်းအတွက် လူထုထိခိုက်မှုအနည်းဆုံးဖြစ်အောင် ၁ နာရီထက် မပိုသော လျှော့နည်းမျိုးတွေနဲ့ ပူပြင်းတဲ့အချိန်ကို ရှောင်ပြီး လျှော့ချသွားမယ့်အပြင် ပြည်သူတွေအများဆုံးနေထိုင်တဲ့ ရပ်ကွက်တွေမှာ ဝန်အားအနည်းဆုံးဖြစ်အောင် လျှော့ချသွားမှာပါ'' ဟု ဝန်ကြီးက ဆက်လက်ပြောသည်။
လက်ရှိ အခြေအနေအရ လျှပ်စစ်ဓာတ်အား သုံးစွဲမှုတွင် ပူပြင်းသော နွေရာသီကို ကာကွယ်ရန် အဲကွန်းသုံးစွဲမှု များပြားလာသည့်အပြင် မီးသုံးစွဲမှုမှာလည်း ရုံးဆင်း၊ ကျောင်းဆင်းချိန်ဖြစ်သော ညနေ ၅ နာရီမှ ည ၈ နာရီအတွင်း အများဆုံးဖြစ်ပေါ်နေသည့်အတွက် လက်ရှိ အခြေအနေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ၍ ပြည်သူများ ပူးပေါင်းပါဝင်မှုရရှိစေရန် မကြာမီရက်ပိုင်းအတွင်း တရားဝင် အသိပေး ပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
''နိုင်ငံတော်အစိုးရကလည်း ပြည်သူတွေအတွက် လုံလောက်ပြည်စုံတဲ့ လျှပ်စစ်ဓာတ်အားတွေ သုံးစွဲနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ အခုချိန်မှာလည်း လျှပ်စစ်ဓာတ်အားဆိုတာ နိုင်ငံချင်း ကုန်သွယ်တဲ့အဆင့်ကို ရောက်နေတဲ့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ပို့လွှတ်ခြင်း ကဏ္ဍတွေကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်မယ့် မူဝါဒတွေရှိဖို့ လိုအပ်နေပါပြီ။ ဒီအတောအတွင်းမှာတော့ သည်းခံပြီး ပူးပေါင်းဖြေရှင်းသွားကြပါစို့''ဟု ဝန်ကြီးက တိုက်တွန်းပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ အိမ်ထောင်စု ၁၃ သိန်းကျော်ရှိပြီး လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ၇၇၁၃၇၄ ဦးရှိရာ မီးသုံးစွဲမှု ပမာဏမှာ ၅၈ ဒသမ ၃၀ ရာခိုင်နှုန်း ရှိနေပြီး လက်ရှိအခြေအနေတွင် ဝန်အားလျှော့ချမှုအား ရာသီဥတုပေါ်မူတည်၍ မေလမှ ဇွန်လလယ်ခန့်အထိ နေ့စဉ်အချိန် ပိုင်းအနေဖြင့် ဓာတ်အားများ လျော့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


