နေပြည်တော် ၂၃ မတ် 
    

မွန်ပြည်နယ် မုပ္ပလင်မြို့နယ်ရ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုအနေများကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကြည်ရှုစစ်ဆေးသည်။
    

ရှေးဦးစွာ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း တာဝန်ခံက စစ်ဆေးဆောင်ရွက်သည့် နည်းလမ်းများ၊ နှစ်အလိုက် ဖမ်းဆီးမှုစာရင်းများနှင့် ဆောင်ရွက်ပြီးစီးမှုများ၊ အခွန်ငွေကောက်ခံရရှိမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
    

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်ထောင်စုရိပ်သာ ပဒိုစောဒေးဗစ် တောခန်းမ၌ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနသည် ငွေရေးကြေးရေးကဏ္ဍတွင် အဓိကတာဝန်ယူရသည့် ဌာနဖြစ်၍ အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် အဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့ လုပ်ဆောင်နေသည့် လုပ်ငန်းများကို ကိုယ်ကျိုးမငဲ့ဘဲ ကျေပွန်စွာထမ်းဆောင်ကြရန် လိုအပ်ပြီး သို့မှသာ နောင်လာမည့် မျိုးဆက်များအတွက် ကောင်းမွန်သည့် အမွေများကို လက်ဆင့်ကမ်းထားခဲ့နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
    

ထို့နောက် ပြည်နယ်အဆင့် တာဝန်ရှိသူများက ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ 


(သတင်းစဉ်)

 

1