နေပြည်တော် ၂၁ မတ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) တို့ ပူးပေါင်းကျင်းပသည့် မသန်စွမ်းသူများ အကျုံးဝင်မှုသင်တန်း (Disability Inclusion Training) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးထွန်းခင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၁၄ ခုနှစ်လူဦးရေစာရင်းအရ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း (၂ ဒသမ ၃ သန်း)ခန့်သည် မသန်စွမ်းသူများဖြစ်ကြပြီး ၎င်းတို့အနက် မသန်စွမ်းသူ ၁၅ သိန်းခန့်မှာ မဲပေးပိုင်ခွင့်ရှိသူများ ဖြစ်ကြကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေတို့၏ ပြဋ္ဌာန်းချက်များနှင့်အညီ မသန်စွမ်းသူများ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် စသည့် အခွင့်အရေးများရရှိရေးအတွက် အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) သည် မသန်စွမ်းသူများ အခွင့်အရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပထမဆုံး အတူလက်တွဲလုပ်ကိုင်ခဲ့သည့် လူမှုအဖွဲ့အစည်းဖြစ်ပြီး ကော်မရှင်၏ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် မသန်စွမ်းသူများ အမျိုးအစားအလိုက် ပိုမိုလွယ်ကူစွာမဲပေးနိုင်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မသန်စွမ်းသူများအပါအဝင် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ဆက်ဆံရေး၊ အားလုံးပါဝင်မှုကို မြှင့်တင်ခြင်းကဏ္ဍများကို မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) တွင် ထည့်သွင်းရေးဆွဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုလည်း စံ (၅) ချက် သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် မသန်စွမ်းသူများ လက်လှမ်းမီစွာ မဲပေးနိုင်ရေး လက်တွေ့ပြသသွားမည်ဖြစ်ပြီး တက်ရောက်လာသော သင်တန်းသားများအနေဖြင့် မသန်စွမ်းသူများ အဆင်ပြေစွာ မဲပေးနိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း၊ သင်တန်းတွင် တွေ့ကြုံရသည့် လိုအပ်ချက်များမှတစ်ဆင့် မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ထည့်သွင်းစဉ်းစား လုပ်ဆောင်စေကြလိုကြောင်း၊ Don’t leave Us Behind ဆိုသည့် ဆောင်ပုဒ်အတိုင်း မသန်စွမ်းသူများကို ချန်မထားခဲ့ဘဲ လက်တွဲခေါ်ဆောင်ဖို့လိုအပ်ကြောင်း ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်းအား (၂)ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ (၃၀)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (၅)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


