ဘားအံ ဒီဇင်ဘာ ၄
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီတို့ ကြီးမှူး၍ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင် အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး ဆောင်ပုဒ်ဖြင့် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်းပညာ ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဦးစီးဌာနအသီးသီးမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကြောင်း သင်တန်းများတွင် မသန်စွမ်းသူများ တက်ရောက်နိုင်ရေး ဌာနအသီးသီးမှ ဆောင်ရွက်ပေးစေလိုကြောင်း၊ မသန်စွမ်းသူများ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်နိုင်စေရေးအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင်နှင့် အလွယ်တကူ လက်လှမ်းမီ ရယူအသုံးပြုနိုင်ရေးတို့ကို ထည့်သွင်းစဉ်းစားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ ဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မသန်စွမ်းသူများ ကိုယ်တိုင်ပါဝင်ပြီး နည်းပညာနှင့် ပြုပြင်ပြောင်းလဲနိုင်သည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်၍ လက်လှမ်းမီ ရယူအသုံးပြုနိုင်သည့် လူ့အသိုင်းအဝန်းတစ်ရပ် ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ မသန်စွမ်းသူပြည်သူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မသန်စွမ်းသူများအရေးကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့် အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကမ္ဘာ့ကုလသမဂ္ဂမှ ပေးပို့လာသည့်သဝဏ်လွှာ Video Clip နှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုမှတ်တမ်း Video Clip တို့ကို အတူတကွ ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး မသန်စွမ်းသူ ၁၀၀ အား မသန်စွမ်း မှတ်ပုံတင်များ ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မသန်စွမ်းသူ ၁၀၀ အတွက် တစ်ဦးလျှင်ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း(၃၀)ကို ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မသန်စွမ်းအားကစားသမားများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


