နေပြည်တော် ၂၉ ဧပြီ

 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ တတိယအကြိမ် အစည်းအဝေး (၁/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ကျင်းပသည့် အစည်းအဝေးသည် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ အခွင့်အရေးဟုဆိုရာတွင် ကလေးဘဝကတည်းက စတင်ပါကြောင်း၊ အသက်ရှင်သန်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ဟူ၍ ခံစားရရှိရန်လိုအပ်ပြီး အရွယ်ရောက်လာသည့် အခါတွင်လည်း အသက်အရွယ်အလိုက် အသက်ရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်နှင့် စောင့်ရှောက်ရန် လိုအပ်သည့်သူတိုင်း စောင့်ရှောက်ခံပိုင်ခွင့် ရရှိရန်လိုအပ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ခွင့်ရှိသူတိုင်း ကိုယ်တိုင်ပါဝင်ခွင့်ရရှိရန်လည်း လိုအပ်ပါကြောင်း။

 

မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဆောင်ရွက်ရန် လုပ်ငန်းကော်မတီအနေဖြင့် မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပူးပေါင်းကူညီဆောင်ရွက်ပေးသည့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဦးစီးဌာနများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်းအသင်းအဖွဲ့အစည်းများ၊ မသန်စွမ်းမှုဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိပါကြောင်း၊  မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးနေခြင်းသည် နိုင်ငံတော်အစိုးရ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများသည်လည်း နိုင်ငံ၏အင်အားစုဖြစ်ပြီး မသန်စွမ်းသူများအား စွမ်းနိုင်သမျှစွမ်းအောင် ပံ့ပိုးပေးခြင်းဖြင့် တိုင်းပြည်အတွက် အကျိုးရှိသည့်ပါဝင်မှုများဖြင့် ပေးဆပ်ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် လုပ်ငန်းကော်မတီအနေဖြင့် ကျင်းပခဲ့သည့် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ပြီးစီးခဲ့သည့် ကိစ္စရပ်များအပေါ်တွင် အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဆက်လက်ဖော်ဆောင် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ (၂/၂၀၁၈) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် လက်ရှိဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ၎င်းတို့၏ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ယာယီဥက္ကဋ္ဌ ဦးသိန်းလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

(သတင်းစဉ်)