မော်လမြိုင် နိုဝင်ဘာ ၉
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာ Puma Power International Port Terminal ဆိပ်ကမ်းကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ရှင်းလင်းဆောင်၌ ဆိပ်ကမ်းတာဝန်ခံက မွန်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Myanmar Energy King (MEK) Co.,Ltd နှင့် Yar Zar Min Industry Co.,Ltd တို့မှ ပြည်နယ်အတွင်း လစဉ်အသုံးပြုရန် လိုအပ်သောစက်သုံးဆီများကို ပြည်ပ (ပင်လယ်ရေကြောင်း) မှ တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် Puma Power International Port Terminal ရှိ ဆီလှောင်ကန် များတွင် စက်သုံးဆီများသိုလှောင်ထားရှိမှု၊ ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ စက်သုံးဆီ ရောင်းချမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း ဆီပြတ်လပ်မှုမရှိစေရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆီအပြည့်အဝရရှိရေး ဆောင်ရွက်လျက်ရှိပြီး ဆီပြတ်လပ်မှုမရှိစေရေးနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ စက်သုံးဆီ စဉ်ဆက်မပြတ်ရောက်ရှိရေး၊ စက်သုံးဆီများကို ပြည်သူအများ လုံလောက်စွာ အသုံးပြုနိုင်ရေးနှင့် တရားမဝင်စက်သုံးဆီများ ရောင်းချမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားပြီး Yar Zar Min Industry Co.,Ltd ၏ Puma Power International Port Terminal ဆိပ်ကမ်းရှိ စက်သုံးဆီတန် ၈၀၀၀ ဆံ့ LYNX SATU (လင့်ဆာတူ) သင်္ဘောပေါ်မှ ဆီလှောင်ကန်များသို့ ဆီဖြည့်သွင်းနေမှု၊ သိုလှောင်ကန်များရှိ စက်သုံးဆီများကို သက်ဆိုင်ရာ ဆီဖြည့်ပွိုင့်များမှတစ်ဆင့် ဆီဘောက်ဆာ ယာဉ်များပေါ်သို့ ဆီဖြည့်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ပြည်သူများ စက်သုံးဆီများကို အလွယ်တကူဝယ်ယူနိုင်ရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေးမှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


