မုဒုံမြို့နယ်၌ ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိ

မုဒုံ ဧပြီ ၃

 

မွန်ပြည်နယ် မုဒုံမြို့နယ်ဒေသထွက် ယိုးဒယားပိန္နဲသီးမျိုးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခုနှစ် ပိန္နဲသီးလှိုင်လှိုင်ထွက်ရှိချိန်တွင် စျေးကောင်းရရှိနေကြောင်း သိရသည်။

 

ပိန္နဲပင်များကို ပျိုးပင်များနှင့် ကိုင်းဆက်ကိုင်းကူးနည်းဖြင့် ရိုးရိုးအရိုင်းသီးမျိုးနှင့် ယိုးဒယားမျိုးတို့ကို အများဆုံးစိုက်ပျိုးကြရာ ကာလရှည် သီးနှံတစ်မျိုးဖြစ်သောကြောင့် စိုက်ပျိုးနည်းစနစ်များ စနစ်တကျ မှန်ကန်အောင် ပြုစုရကြောင်း၊ အပင်များကို စိုက်ပျိုးပြီး (၃)နှစ်ခန့်အကြာတွင် အသီးစတင်ထွက်ရှိကြောင်း၊ ယိုးဒယားမျိုး ပိန္နဲသီးပင် (၂၀) ကို စိုက်ပျိုးရုံဖြင့် တစ်နှစ်ဝင်ငွေ သိန်း (၄၀)ခန့် ရရှိနိုင်ကြောင်း ဘဲရမ်းကျေးရွာနေ ပိန္နဲသီးစိုက် တောင်သူတစ်ဦးက ပြောသည်။

 

မုဒုံမြို့နယ်တွင် ဒေသထွက် ပိန္နဲသီးများကို တစ်ကီလိုလျှင် ငွေကျပ် (၁၅၀၀) မှ (၂၀၀၀) ကျပ်အထိ စျေးရရှိပြီး ပိန္နဲသီးတစ်လုံးလျှင် ဒေသပေါက်စျေး အသီးအရွယ်အစားအလိုက် ငွေကျပ် (၁၂၀၀၀) မှ (၃၀၀၀၀) ကျပ်အထိရရှိကာ မြို့ပေါ်စျေးများအပြင် မော်လမြိုင်၊ ရန်ကုန်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)