မုံရွာ ၁ မေ 

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် များပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကို ယနေ့ည ၇ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

.2

 

ငြိမ်းချမ်းရေးဓမ္မသဘင်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က “မေတ္တာလွှမ်းမှ ငြိမ်းချမ်းမယ်” တရားတော်ကို ဟောကြားချီးမြှင့်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်၏ဇနီး ဒေါ်တင့်တင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မုံရွာမြို့နယ်မှ တရားချစ်ခင်သူတော်စင်များက တရားတော်ကို နာယူ ကြည်ညိုကြသည်။ တရားပွဲအပြီးတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားရေးအတွက် ဒေသခံပြည်သူများ၏ ဓမ္မပူဇာအလှူငွေများကို ဆရာတော်ထံ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက ဆက်ကပ်လှူဒါန်းသည်။

 

.4

 

ယနေ့နံနက် ၅ နာရီက မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ ဗိမာန်တော်တွင် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့် ဆင့်တို့အား ဆရာတော်၊ သံဃာတော်များက ဘုရားအနေကဇာတင်ကြပြီး  ဆရာတော်၊ သံဃာတော်များအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်၏ ဇနီး ဒေါ်တင့်တင့်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးဘိုးသန်းညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး အရုဏ်ဆွမ်းဆက်ကပ်သည်။

 

08

 

စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်များ ဒေသစာရီလှည့်လည်အပူဇော်ခံရာ ခရီးစဉ်တစ်လျောက်တွင် ဆရာတော်အရှင် ဆန္ဒာဓိကမှ ပြည်ထောင်စုကြီးအစဉ်ထာဝရငြိမ်းချမ်းသာယာမှု ရရှိရန်ရည်သန်ကာ ငြိမ်းချမ်းရေး တရားတော်များ ဟောကြားချီးမြှင့်ပေးလျက်ရှိရာ  မေ ၃ ရက်တွင် မန္တလေးမြို့၊ မေ ၇ ရက်တွင် ကျောက်ဆည်မြို့၊ မေ ၈ ရက်တွင် သဲတော ဝမ်းတွင်းမြို့၊ မေ ၁၁ ရက်တွင် တောင်ကြီးမြို့၊ မေ ၁၂ ရက်တွင် လွိုင်ကော်မြို့နှင့် မေ ၁၃ ရက်တွင် တောင်ငူမြို့၊ မေ ၁၄ ရက်တွင် တပ်ကုန်းမြို့၊ မေ ၁၅ ရက်တွင် လယ်ဝေးမြို့၊ မေ ၁၆ ရက်တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်တို့တွင် ငြိမ်းချမ်းရေးတရားတော်များ ဟောကြား ချီးမြှင့် သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီးတွင် ဉာဏ်တော်အမြင့် ၁၀၈ ပေရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးအား ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်မှုဖြင့် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူ၊ နိုင်ငံသားများ စုပေါင်းအင်အားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အစဉ်ထာဝရ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်လျက် တည်ထားကိုးကွယ်လျက်ရှိသည်။ 

(သတင်းနှင့်ဓာတ်ပုံ-ဟန်လင်းနိုင်၊ ထွန်းကိုကို(ယင်းမာပင်)