မုံရွာ ၂၄ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ဝါးနှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်းမှ တည်ထောင်မည့် ဧက(၅ဝ)အကျယ်ရှိ ဝါးကျေးရွာအား မေလအတွင်း စတင်အကောင်အထည်ဖော် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၄င်းအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ဒေသက အပူပိုင်းဇုန်ထဲမှာ ကျနေတာဆိုတော့ အပူချိန်က အတော့ကိုများတယ်၊ အဲဒီအတွက်လည်း အပူချိန်ကို လျော့ချဖို့ အပင်စိုက်တာလည်း တစ်ခုအပါဝင်ပါ၊ နောက်ပြီး ဒေသကလူငယ်တွေ ဝါးနဲ့ပတ်သက်တဲ့ လက်မှုပညာတွေကို လက်တွေ့သိရှိပြီး လေ့လာလို့ရအောင် ဝါးကျေးရွာမှာ လုပ်ဆောင်ပေးမယ်၊ အဲဒီမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဝါးမျိုးစိတ်တွေကို စိုက်ပြီးတော့ ပြသထားမယ်၊ ဝါးလက်မှုပစ္စည်းတွေ၊ ဝါးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကိုလည်း ပြည်သူတွေ လေ့လာနိုင်အောင်၊ ဝယ်ယူစုဆောင်းတာတွေ လုပ်ဆောင်နိုင်ဖို့ အတွက်လည်း စီစဉ်ပေးထားမှာပါ” ဟု ဝါးနှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်းဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောသည်။
မုံရွာမြို့နယ် ဗောဓိတထောင် သာသနာ့နယ်မြေ အနောက်ဘက်ခြမ်းတွင် ဧက (၅ဝ) အကျယ်အဝန်းရှိ ဝါးကျေးရွာ တည်ထောင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အသင်းမှ ၂၀၁၉ ဇန်နဝါရီ ၂ ရက်တွင် တင်ပြခဲ့ရာ မတ် ၂၉ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


