(မတ်လ (၃)ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ထုတ်ပြန်ချက်)

===============================================

(က) မုန်တိုင်းငယ်(Depression)အခြေအနေ

 (၁)  ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး မုန်တိုင်းငယ်(Depression) အဖြစ်သို့ ပိုမိုအားကောင်းလာကာ မြန်မာနိုင်ငံ ကိုကိုးကျွန်း(Coco Island) မြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun) မြို့၏ အနောက်တောင်ဘက် ရေမိုင်(၈၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ နာဂါပတ္တနမ် (Nagapattinam)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၂၀)မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၈၀)မိုင် ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၅၂၀)မိုင် ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) မုန်တိုင်းငယ်(Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင်    မြောက်လတ္တီကျု (၅.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၀)ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား(၁၀၀၄) ဟက်တို ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၂)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက်(၂၄)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်းမှတစ်ဆင့် နောက်(၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ တမီးလ်နာဒူး(Tamil Nadu)မြောက်ပိုင်းကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန