မူဆယ် ၁  မေ


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြန်မာ-တရုတ် နှစ်နိုင်ငံဝင်/ထွက်ဂိတ် မန့်ဝိန်းဂိတ်မှ အဝင်အထွက် သွားလာနေသည့် သုံးဘီးယာဉ်များ ကုန်တင်ယာဉ်ကြီးများနှင့်အတူ ဘေးကပ်ရပ်ယှဉ်၍ ဝင်နေရခြင်းနှင့် လမ်းကြပ်တည်းမှုများကြောင့် သုံးဘီးယာဉ်မောင်းများ ဝင်/ထွက်သွားလာမှု အဆင်မပြေဖြစ်နေကြောင်း သိရသည်။

 

1


“သင်္ကြန်မတိုင်ခင်ကစပြီး တရုတ်နိုင်ငံကို သုံးဘီးယာဉ်တွေ ဆင်ဖြူဂိတ်ဘက်ကနေ ဝင်လို့မရဘူး၊ ဘာကြောင့်ဝင်လို့ မရတာလဲဆိုတာ တိတိကျကျ မသိဘူးရဘူး၊ ဆင်ဖြူဂိတ်ကနေ ဝင်လို့ရတုန်းကတော့ မြန်မာနိုင်ငံဖက်မှ တရုတ်နိုင်ငံဖက်ကိုဝင်နေတဲ့ သုံးဘီးယာဉ်တွေကို ကျောပိုးအိတ်တစ်လုံးတောင် သယ်ခွင့်မပေးဘူးဆိုတာတော့ သိရတယ်၊ ဒုတိယ ထပ်ဖြစ်လာတာကတော့ သုံးဘီးယာဉ်တွေ ဆင်ဖြူဂိတ်ကနေ ဝင်လို့မရဘူး၊ တရားဝင် အကြောင်းပြချက် ထုတ်ပြန်ထားတာလည်း မရှိဘူး၊ ဒါပေမယ့် ဝင်နေကျ ဆင်ဖြူဂိတ်ကနေ ဝင်ခွင့်မပြုဘဲ မန့်ဝိန်းဘက်ကနေပဲ ဝင်ခိုင်းတယ်၊ သုံးဘီးယာဉ်မောင်းတွေ၊ လက်လုပ်လက်စားတွေ မန့်ဝိန်းဂိတ်ဘက်ကနေ ဝင်/ထွက်ဖို့ကြတော့ ခက်ခဲတယ်၊ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ ကုန်သည်ကားကြီးတွေ၊ တွဲကားကြီးတွေကလည်း မန့်ဝိန်းဂိတ်ကနေပဲ ဝင်/ထွက်ကြတယ်၊ တွဲကားကြီးတွေကတစ်လမ်း၊ သုံးဘီးယာဉ်တွေကတစ်လမ်း၊ ရိုးရိုးသာမန်ယာဉ်တွေက တစ်လမ်းဆိုတော့ သုံးလေးလမ်းဖြစ်သွားတော့ ကြပ်တည်းမှုတွေဖြစ်လာတယ်”လို့ မူဆယ်မြို့၊ ဆင်ဖြူဈေးဥက္ကဋ္ဌက ပြောသည်။


သုံးဘီးယာဉ်မောင်းများသည် မြန်မာနိုင်ငံဘက်မှ လူသုံးကုန် ပစ္စည်းများ၊ ကုန်စိမ်းများနှင့် အခြားကုန်ပစ္စည်းများကို တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်သို့ သုံးဘီးယာဉ်များဖြင့် သွားရောက်ပို့ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်ရှိသည့် ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်ကို အပြန်အလှန် ပို့ဆောင်မှုများ ပြုလုပ်၍ ရရှိလာသည့် လုပ်အားခများကို မှီခိုနေသည့် မိသားစုများအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ 


သုံးဘီးယာဉ်များ ဆင်ဖြူဂိတ်မှ တစ်နေ့(၂)ကြိမ်၊ (၃)ကြိမ်ခန့် ဝင်/ထွက်သွားလာနိုင်ပြီး ယခုမန့်ဝိန်းဂိတ်ဘက်မှ တစ်နေ့(၁)ကြိမ်သာ ဝင်/ထွက်သွားလာနိုင်ခြင်းကြောင့် ဆင်ဖြူဂိတ်ဖက်မှ ပြန်လည်ဝင်/ထွက် သွားလာလိုကြောင်း သိရသည်။


“ကျွန်တော်တို့ သုံးဘီးယာဉ်တွေနဲ့ ဟိုဘက်ဒီဘက် ကုန်ပစ္စည်းများ ကုန်တင်ကုန်ချလုပ်ရတယ်၊ ဒီမန်ဝိန်းဘက်ကကျတော့ ကုန်ကားကြီးတွေနဲ့ဆိုတော့ ကျွန်တော်တို့အတွက် အန္တရာယ်လည်းများတယ်၊ တရုတ်နိုင်ငံဘက်ကို တစ်ခါဝင်ဖို့အတွက် နာရီ (၃) ချက်၊ (၄) ချက်လောက် စောင့်ရတဲ့အတွက်၊ အရင်(၃)ခေါက်ရတဲ့ဟာ ခု(၁)ခေါက်ပဲ ဝင်ထွက်လို့ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ မိသားစုစားဝတ်နေရေးအတွက် သွားလာနေရတာပဲ၊ ဖြစ်နိုင်မယ်ဆိုရင် ဆင်ဖြူဂိတ်ကနေပဲ ကျွန်တော်တို့အတွက် ပိုပြီးတော့ အဆင်ပြေတယ်၊ ဆင်ဖြူဂိတ်မှာကျတော့ သုံးဘီးယာဉ် သီးသန့်ဆိုတော့ ဝင်ထွက်ရတာလည်း မြန်တယ်”ဟု သုံးဘီးယာဉ်မောင်း ဦးနိုင်အောင်က ပြောသည်။


သုံးဘီးယာဉ်မောင်းများသည် တရုတ်နိုင်ငံဘက်သို့ ဝင်နိုင်ရန် မနက်(၃)နာရီခန့်မှ တန်းစီစောင့်ဆိုင်းနေရသော်လည်း တရုတ်ဂိတ်ဘက်မှ နံနက်(၉)နာရီခန့်မှသာ စတင်ဝင်ခွင့်ပြုခဲ့ကြောင်း သုံးဘီးယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။ သုံးဘီးယာဉ်မောင်းများသည် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရန် နေပူ၊ မိုးရွာထဲတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး ဆင်ဖြူဂိတ်မှ သုံးဘီးယာဉ်များ ပြန်လည်ဝင်/ထွက်ခွင့်ပြုပါက သုံးဘီးယာဉ်မောင်းများနှင့် ကုန်သည်တွဲကားများလည်း ပိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။ 


မန့်ဝိန်းဂိတ်နားတစ်ဝိုက်တွင် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရန် အစီးရေ(၅၀ဝ)ခန့် တန်းစီစောင့်ဆိုင်းနေသည့် ကုန်သည်ကားကြီးများ၊ သုံးဘီးယာဉ်များနှင့် ဖြတ်သွားဖြတ်လာပြုသည့် ရိုးရိုးသာမန်ယာဉ်များကြောင့် ပြည်သူများ လမ်းကြပ်တည်းမှု ရင်ဆိုင်နေကြောင်း သိရသည်။


ဗန်ရိုးထန်(ပြန်/ဆက်)