မူဆယ် ၃ မတ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့၌ မင်္ဂလာမူဆယ် နှစ်လည်မဂ္ဂဇင်း အမှတ်(၃) ထုတ်ဝေအောင်မြင်ခြင်း အထိမ်းအမှတ်ဖြင့် မူဆယ်မြို့နယ်အတွင်းရှိ စာရေးဆရာများအား ဂုဏ်ပြုပွဲကို မတ် ၃ ရက် နံနက် ၁၀ နာရီက မူဆယ်နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၁၉ မင်္ဂလာမူဆယ် နှစ်လည်မဂ္ဂဇင်း အမှတ်(၃) ထုတ်ဝေအောင်မြင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲကို မူဆယ်မြို့နယ်အတွင်းရှိ စာရေးဆရာများ၊ သတင်းရေးဆရာများ၊ ကာတွန်းပန်းချီနှင့် ဓာတ်ပုံဆရာများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မင်္ဂလာမူဆယ်မဂ္ဂဇင်း အုပ်ချုပ်မှုအယ်ဒီတာ ဦးငွေစိုးက မုဒိတာစကားပြောကြားပြီး မဂ္ဂဇင်းထုတ်ဝေသူ ဦးမောင်စိန်က အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် တာဝန်ခံအယ်ဒီတာ ဦးအုန်းမောင် (ရွှေညာသားမြတ်မင်း)က အကြံပြုဆွေးနွေးပြီး တက်ရောက်လာကြသော စာရေးဆရာများက မဂ္ဂဇင်းထုတ်ဝေရေးနှင့် ပတ်သက်သော ကိစ္စများ ဆွေးနွေးခဲ့ကြသည်။ အဆိုပါမဂ္ဂဇင်းသည် မူဆယ်ခရိုင်အတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ အပါအဝင် သုတရသစုံပါဝင်ပြီး နှစ်စဉ်ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇင် (မူဆယ်)


