မူဆယ် ၃၀ ဧပြီ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်း အစည်းအဝေး ခန်းမတွင် ဧပြီ ၃၀ ရက် နံနက် ၉ နာရီတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သော ကချင်လက်နက်ကိုင်တပ်ဖွဲ့(KIO)၊ တအာင်း (ပလောင်) လက်နက်ကိုင်တပ်ဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင် (MNDAA)နဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့(AA)တို့ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ကြောင်း မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှ ဦးသိန်းဇော်၊ ဦးခင်ဇော်ဦး၊ ဦးဇော်ဌေးနှင့် ဦးလှမောင်ရွှေတို့ တက်ရောက်ပြီး မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ဖြစ်သည့်(KIO) အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးထိန်နန် ဦးဆောင်သည့်ကိုယ်စားလှယ်(၅)ဦး၊ (AA) အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ် (၆)ဦး၊ (TNLA) အဖွဲ့မှ ဗိုလ်မှူးချုပ် တာဘုန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ် (၃)ဦးနှင့် (MNDAA) အဖွဲ့မှ ပြင်ပဆက်ဆံရေးဌာနမှူး ဦးဝင်းနိုင် ဦးဆောင်သည့် အဖွဲ့ဝင်(၃)ဦးတို့ တက်ရောက်ဆွေးနွေးကြသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲအား မူဆယ်ဒေသအတွင်းရှိ ကချင်၊ တအာင်း(ပလောင်) တိုင်းရင်းသားလူမျိုးများ၊ မူဆယ်ခရိုင်အဆင့်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများ၊ ရှမ်း၊ ကချင်၊ ဂျိမ်းဖော ယဉ်ကျေးမူအဖွဲ့များမှ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
MDN


