မူဆယ် ၃၀ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့တွင် မူဆယ်အားကစား၊ ကာယပညာကော်မတီနှင့် မူဆယ် စစ်တုရင်အသင်းတို့ ကြီးမှူး၍ အခြေခံစစ်တုရင်သင်တန်းကို ဧပြီ ၂၉ ရက်တွင် မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
“စစ်တုရင်ကစားနည်းကို ဝါသနာပါတဲ့ ကလေးတွေအတွက် အဓိကလုပ်ပေးတာပါ၊ ခုသင်ကြားပို့ချပေးတဲ့ သင်တန်းထဲမှာ ခုမှစ ကစားတဲ့ကလေးတွေရော၊ ပြိုင်ပွဲတွေမှာဆုရပြီးသား ကလေးတွေလည်း ပါပါတယ်၊ ခုလို ကလေးတွေ များများ လေ့ကျင့်ပေးခြင်းအားဖြင့် ပိုပြီးကစားတတ်လာမယ်၊ ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်ပြီးတော့ ဒီသင်တန်းကို ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်”လို့ မူဆယ်စစ်တုရင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။
အခြေခံစစ်တုရင်သင်တန်းကို တစ်လကြာပြုလုပ်လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး မူဆယ်မြို့၊ ကျောင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲများလည်း မူဆယ် အားကစား၊ ကာယပညာကော်မတီနှင့် မူဆယ်စစ်တုရင်အသင်းတို့ ကြီးမှူး၍ စစ်တုရင် ကစားနည်းပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မူဆယ် အားကစား၊ ကာယပညာကော်မတီနှင့် မူဆယ်စစ်တုရင်အသင်းတို့ ပူးပေါင်း၍ မူဆယ်မြို့ရှိ ကိုယ်ပိုင် ကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ အခြေခံစစ်တုရင် ကစား နည်းများကို လိုက်လံသင်ကြားပို့ချမှုများ ပြုလုပ်ပေးလျက်ရှိပြီး ယခု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်ကျင်းပသည့် သင်တန်းကို စစ်ကိုင်းတိုင်းမှ သင်တန်းနည်းပြဆရာ စစ်တုရင်ချန်ပီယံဟောင်း ဦးတင်မောင်အေးက သင်ကြားပို့ချပေးနေကြောင်းသိရသည်။
ဗန်ရိုးထန်(ပြန်/ဆက်)


