မူဆယ် ၁၈ မတ်    


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ကမ္ဘာ့သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအဖွဲ့) နှင့် သစ်တောဦးစီးဌာနပူးပေါင်းစီစဉ်သော တောရိုင်းတိရစ္ဆာန် တရားမဝင် သယ်ဆောင်ရောင်းဝယ် ဖောက်ကားမှု လျှော့ချရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ၁၀နာရီတွင် မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က “ယနေ့ ကမ္ဘာပေါ်မှာ မူးယစ်ဆေး ဝါး၊ လက်နက်များ၊ လူကုန်ကူးမှုပြီးရင် အများဆုံး တရားမဝင် ရောင်းဝယ်သည့်လုပ်ငန်းဟာ တောရိုင်း တိရစ္ဆာန်နှင့် သူတို့ရဲ့ အစိတ်အပိုင်းတွေကို မှောင်ခိုကူးသန်းမှုပဲ ဖြစ်ပါတယ်၊ ဒီလို တရားမဝင် ရောင်းဝယ်နေတာကို ပပျောက်စေရန်အတွက် သစ်တောဦးစီးဌာနနှင့် ဆက်စပ်သည့်ဌာနများက ဖမ်းဆီးအရေးယူမှုတွေ၊ အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်၊ မြန်မာနိုင်ငံမှာ မန္တလေး-မူဆယ် ကားလမ်းကြောင်းသည်  တရားမဝင် ကူးသန်းရောင်းဝယ်မှု အများဆုံးဖြစ်သော နေရာဖြစ်သောကြောင့် ဦးစားပေး နေရာအဖြစ် ရွေးချယ်ပြီး၊ တရားမဝင် ကူးသန်းရောင်းဝယ်မှု အခြေအနေများကို လေ့လာစစ်ဆေးခြင်း၊ နယ်မြေအလိုက် ပညာပေး စည်းရုံးမှုများ ဆောင်ရွက်လိုပါတယ်၊ ဒါကြောင့် ယနေ့ ကျင်းပပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်သည့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ထိ၊ ထိရောက်စွာ တားဆီးနှိမ်နှင်းရေးကို ပါဝင်ပေါင်းစပ် ဆောင်ရွက်ပေးကြမည့် လုပ်ငန်းများကို ဖော်ထုတ်ပေးကြပါ’’ ဟု အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ သားဌက်ထိန်းသိမ်းရေးအဖွဲ့ (WCS-Myanmar)  ဦးအောင်ကျော်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြာခဲ့သည်။


မြန်မာနိုင်ငံသည် တရားမဝင် ကူးသန်းရောင်းဝယ်မှု ဖမ်းဆီးရမိမှု စာရင်းများအရ ၂၀၁၀မှ ၂၀၁၈ ခုနှစ်လက်ရှိကာလအထိ  အမှုပေါင်း(၃၀၆)မှုရှိပြီး၊ ဖမ်းဆီးမှုမရှိဘဲလွတ်သွားသည့် အမှုများ၊ ဖမ်းဆီးရမိသည့် အခြေအနေ (၂)ဆထက်မက ရှိရာ၊ ရှမ်းပြည်နယ်အနေဖြစ် ၂၀၁၀ မှ ၂၀၁၈ ခုနှစ်ထိ ဖမ်းဆီးရမှုမှာ ၆၆ မှုရှိသဖြင့်၊ မြန်မာတစ်နိုင်ငံလုံး အနေဖြင့် ရှမ်းပြည်နယ်သည် အများဆုံး ဖြစ်ပွားနေကြောင်း သိရသည်။


ဆိုင်ဖြူ(မူဆယ်)