မူဆယ် ၁၈ မတ်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ကမ္ဘာ့သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအဖွဲ့) နှင့် သစ်တောဦးစီးဌာနပူးပေါင်းစီစဉ်သော တောရိုင်းတိရစ္ဆာန် တရားမဝင် သယ်ဆောင်ရောင်းဝယ် ဖောက်ကားမှု လျှော့ချရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း အလုပ်ရုံးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ၁၀နာရီတွင် မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က “ ယနေ့ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး၊ လက်နက်များ၊ လူကုန်ကူးမှုပြီးရင် အများဆုံးတရားမဝင် ရောင်းဝယ်သည့်လုပ်ငန်းဟာ တောရိုင်းတိရစ္ဆာန်နှင့် သူတို့ရဲ့အစိတ်အပိုင်းတွေကို မှောင်ခိုကူးသန်းမှုပဲဖြစ်ပါတယ်၊ ဒီလိုတရားမဝင် ရောင်းဝယ်နေတာကို ပပျောက်စေရန်အတွက် သစ်တောဦးစီးဌာနနှင့် ဆက်စပ်သည့်ဌာနများက ဖမ်းဆီးအရေးယူ မှုတွေ၊ အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါတယ်၊ မြန်မာနိုင်ငံမှာ မန္တလေး-မူဆယ် ကားလမ်းကြောင်းသည် တရားမဝင်ကူးသန်းရောင်းဝယ်မှု အများဆုံးဖြစ်သော နေရာဖြစ် သောကြောင့် ဦးစားပေးနေရာအဖြစ်ရွေးချယ်ပြီး၊ တရားမဝင် ကူးသန်းရောင်းဝယ်မှုအခြေအနေများကို လေ့လာစစ်ဆေးခြင်း ၊ နယ်မြေအလိုက် ပညာပေးစည်းရုံးမှုများ ဆောင်ရွက်လိုပါတယ်၊ ဒါကြောင့် ယနေ့ကျင်းပပြုလုပ်တဲ့အလုပ်ရုံးဆွေးနွေးပွဲကို သက်ဆိုင်သည့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ထိ၊ ထိရောက်စွာ တားဆီးနှိမ်နှင်းရေးကို ပါဝင်ပေါင်းစပ်ဆောင်ရွက်ပေးကြမည့် လုပ်ငန်းများကို ဖော်ထုတ်ပေးကြပါ ’’ဟု အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ သားဌက်ထိန်းသိမ်းရေးအဖွဲ့(WCS-Myanmar) ဦးအောင်ကျော်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြာခဲ့သည်။
မြန်မာနိုင်ငံသည် တရားမဝင်ကူးသန်းရောင်းဝယ်မှု ဖမ်းဆီးရမိမှု စာရင်းများအရ ၂၀၁၀မှ ၂၀၁၈ ခုနှစ်လက်ရှိကာလအထိ အမှုပေါင်း(၃၀၆)မှုရှိပြီး၊ ဖမ်းဆီးမှုမရှိဘဲလွတ်သွားသည့် အမှုများ၊ ဖမ်းဆီးရမိသည့်အခြေအနေ (၂)ဆထက်မက ရှိရာ၊ ရှမ်းပြည်နယ်အနေဖြစ် ၂၀၁၀မှ ၂၀၁၈ခုနှစ်ထိ ဖမ်းဆီးရမှုမှာ ၆၆ မှုရှိသဖြင့်၊ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ရှမ်းပြည်နယ်သည် အများဆုံးဖြစ်ပွားနေကြောင်း သိရသည်။
ဆိုင်ဖြူ(မူဆယ်)


