မြဝတီ ၈ မတ်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် သင်္ချာဘာသာရပ်ဖြေဆိုမည့် ကျောင်းသူသုံးဦး စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သည့်အတွက် လုံခြုံရေးတာဝန်ကျအဖွဲ့က ကူညီပို့ဆောင်ပေးခဲ့သဖြင့် စာမေးပွဲ အချိန်မီဖြေဆိုခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

mdn

 

မတ် ၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က  မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် သင်္ချာဘာသာရပ်ဖြေဆိုမည့် ကျောင်းသူ မသိမ့်သိမ့်နွေးအောင်၊ ခုံအမှတ် လမ-၄၃ ကြံခင်းလမ်း၊ အမှတ်(၃) ရပ်ကွက်မြဝတီမြို့၊ မအေးသဇင်ဝင်း ခုံအမှတ် လမ-၂၀၄၉ အောင်မြေရွှေဘုံ အမှတ်(၄)ရပ်ကွက် မြဝတီမြို့နေသူနှင့် မစန္ဒာအေး ခုံအမှတ် လမ-၅၇၃  အောင်မြေရွှေဘုံရပ် အမှတ်(၄)ရပ်ကွက် မြဝတီနေသူတို့သုံးဦးမှာ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့ကြောင်း လုံခြုံရေးကွပ်ကဲမှုရုံးသို့ လာရောက်အကြောင်းကြား၍ လုံခြုံရေးတာဝန်ကျ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် ရဲတပ်သား ရဲလင်းအောင်၊ အမှတ်(၇၃) ယာဉ်ထိန်းတပ်ဖွဲ့ စုမှူးရုံးမှ ရဲတပ်သား မြတ်ကျော်အောင်၊ မြဝတီမြို့ မော်တော်ယာဉ်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ဦးအောင်မြိုင်တို့သုံးဦးက မော်တော်ဆိုင်ကယ်များဖြင့် နေအိမ်အသီးသီးသို့ သွားရောက်ယူဆောင်နိုင်ရန် လိုက်ပါပို့ဆောင်ကူညီပေးခဲ့သဖြင့် ကျောင်းသို့ နံနက် ၉ နာရီတွင်  ပြန်လည်ရောက်ရှိသည့်အတွက် အချိန်မီ စာမေးပွဲဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။

 

mdn

 

အလားတူ ဘားအံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် သင်္ချာဘာသာရပ်ဖြေဆိုမည့် ကျောင်းသူ နော်မူးဒါး ခုံအမှတ် လဘ-၃၀၄၁ သည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သဖြင့် ၎င်းနေထိုင်သည့် ဘားအံမြို့နယ် တောင်ကလေးကျေးရွာသို့ အမှတ်(၁၀) ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ  ရဲအုပ်ဝင်းသန်းက လိုက်ပါပို့ဆောင်ခဲ့ရာ ကျောင်းသို့ အချိန်မီရောက်ရှိသဖြင့် စာမေးပွဲဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

 

mdn