ရန်ကုန် ၄ မေ
၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် Myanmar C.P ဖလား(ဇုန်)လိုက် နောက်ဆုံးအဆင့် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအစီအစဉ်အရ ပြိုင်ပွဲကျင်းပပေးရခြင်းနှင့် စပ်လျဉ်း၍ Myanmar CP Stock Co.,Ltd မှ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဦးစိုးလွင်က ရှင်းလင်းတင်ပြပြီး ၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် Myanmar C.P ဖလားပြိုင်ပွဲကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းလွင် ကပြိုင်ပွဲအား ဖွင့်လှစ်ကြောင်း ပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ Myanmar C.P Stock Co.,Ltd မှ အကြံပေးပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများကပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ပြိုင်ပွဲတွင် အမျိုးသားအလွတ်တန်း တစ်ဦးချင်းနှင့် နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်းတစ်ဦးချင်းနှင့် နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး Mix နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁၀၊ ၁၂၊ ၁၄၊ ၁၆)နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ၊ အမျိုးသားအလွတ်တန်း အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား(ဇုန်) အသင်းလိုက်ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း (၁၃၀)ဦး ယှဉ်ပြိုင်ကြကြောင်း သိရှိရပြီး၊ ပထမနေ့ပြိုင်ပွဲများ စတင်ကျင်းပခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက (ဇုန်)လိုက် အသင်းလိုက်ပြိုင်ပွဲများနှင့် သက်တန်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများနှင့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရေကူးအားကစားနည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် ရေကူးလူရွေးချယ်ပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီတွင် ရန်ကုန်မြို့၊ ဦးဝိစာရ၊ အမျိုးသားရေကူးကန်၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် တာဝန်ရှိသူများနှင့်အတူ အမျိုးသားရေကူးကန် အကြီးစား ပြင်ဆင်နေမှုများနှင့် အမျိုးသား/အမျိုးသမီး သန့်စင်ခန်း၊ ရေချိုးခန်း၊ အဝတ်လဲခန်းပြင်ဆင်ထားရှိမှုများ၊ မီတာ(၅၀)အပြည့်နေပူခံအမိုး မိုးထားမှုများ၊ ရေကူးကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုနှင့် အဖွဲ့ချုပ်ရုံးခန်း၊ အုပ်ချုပ်မှုရုံးခန်းလုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


