နေပြည်တော် ၂၆  ဧပြီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် NEC Corporation တို့ ပူးပေါင်းကျင်းပသည့် Myanmar e-ID Program အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးသာဦးနှင့် လုပ်ငန်း ကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Mr. Koichiro Oda ၊ Accenture India မှ Vice Chairman and Managing Partner Mr. Krishnaswamy GV Giri ၊ NEC Asia Pacific Pte.Ltd မှ Senior Sales Manager Mr. Andrew Chang Myon Chi နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

အစီအစဉ်အရ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို Biographic နှင့် Biometric Data များကောက်ယူပြီး UID နံပါတ်တစ်ခုစီသတ်မှတ်ပေးပြီး မှတ်ပုံတင်၍ Database တွင် သိမ်းဆည်းမည့် e-ID စနစ်အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  ယင်း e-ID စနစ်သည် e-Government စနစ်ဆောင်ရွက်နိုင်ရေးအတွက် အခြေခံကျသည့် လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ e-ID လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနသို့ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် World Bank , OMIDYAR NETWORK နှင့် Center for Humintarian Dialogue (HD), Unique Identification Authority of India (UIDAI) အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းကုမ္ပဏီများ၊ စုစုပေါင်းကုမ္ပဏီအဖွဲ့အစည်း (၅၀)ကျော် လာရောက်ရှင်းလင်းပြသပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ယင်းလုပ်ငန်းစဉ်များအား စံချိန်စံညွှန်းများနှင့်အညီ ကျင့်သုံးနိုင်ရန် အတွက် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ ရှင်းလင်းတင်ပြဆွေးနွေးချက်များကို လေ့လာလျက်ရှိပါကြောင်း။

 

 ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် အာရှနှင့် ပစိဖိတ်ဒေသတွင်း၌ စီမံခန့်ခွဲမှုမဟာဗျူဟာ အကြံပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုများနှင့် ကျန်းမာရေးနှင့် ပြည်သူ့ ဝန်ဆောင်မှုဆိုင်ရာ ကဏ္ဍများတွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံမှ အကောင်အထည် ဖော်ခဲ့သည့် Aadhaar စနစ်တွင်လည်း အစိုးရ အဖွဲ့အစည်းဖြစ်သည့် UIDAI နှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်းကောင်း၊ အတွေ့အကြုံရှိသည့် Dr. Krishna V Giri မှ Main Presenter အဖြစ် ရှင်းလင်းဆွေးနွေးမည် ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် e-ID စနစ်အတွက်များစွာ အထောက်အကူပြုမည့် အချက်အလက်များ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

ထို့ပြင် ဤအလုပ်ရုံဆွေးနွေးပွဲတွင် Digital စနစ်ပြုပြင် ပြောင်းလဲရေးအတွက် အထောက်အကူပြုမည့် အကြောင်းအရာများရရှိနိုင်မည် ဖြစ်၍တက်ရောက် လာကြသူများအနေဖြင့် ဆွေးနွေးပွဲတွင် မရှင်းလင်းသည့်အချက်များ သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန်နှင့် အချိန်နှင့်နေရာ ကန့်သတ်ချက်ကြောင့် တက်ရောက်နိုင်ခြင်း မရှိသည့် e-ID စနစ်လုပ်ငန်းဆိုင်ရာ ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ ကိုလည်း ဆွေးနွေးပွဲ ဆိုင်ရာအချက်အလက်များ ဝေမျှပေးကြရန် မှာကြားလိုပါကြောင်း၊ e-ID စနစ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အစိုးရအဖွဲ့အစည်းများသာမက ပုဂ္ဂလိကအဖွဲ့အစည်းများ၊ နိုင်ငံသား ပညာရှင်များ၏ အကူအညီများကိုလည်းရရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့် e-ID စနစ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် NEC Corporation (ရန်ကုန်ဌာနခွဲ) မှ ဌာနေကိုယ်စားလှယ် Mr. Toshio Suzuki က e-ID Program အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

 

mdn

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ၌ ကျင့်သုံး လျက်ရှိသည့် Aadhaar စနစ်နှင့်ပတ်သက်သည့် အတွေ့အကြုံများ၊ Biometric Authentication နည်းပညာဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြရမည်ဖြစ်ပြီး e-ID စနစ်လုပ်ငန်း ဆပ်ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)