မယ်စဲ့ ၆ မတ် 


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် အတွင်းရှိ တောင်သူဦးကြီးများ လူမှုဘဝဖွံ့ဖြိုးရေး၊ အာဟာရလုံခြုံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး စသည့် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးရေးအလေ့အကျင့်ကောင်း (GAP)စနစ်နှင့် သီးနှံများတွင် ကျရောက်တတ်သော ငမြောင်တောင်ပိုး Fall Armyworm (FAW) ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းကို ယမန်နေ့ နေ့လည်၁၁ နာရီက နမ့်ပိန်းလင် ကျေးရွာနှင့် ကျောက်စုကျေးရွာတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးသက်အောင်က မြေဆီလွှာထိန်းသိမ်းမှုကာကွယ်ရေး၊ မြေဆီလွှာအတွင်း လိုအပ်ချက်များအတွက် မိမိတို့ မြေနမူနာများကို ဓာတ်ခွဲခန်းသို့ အမြန်ဆုံးပေးပို့နိုင်ရေးနှင့် လိုအပ်သည့် အာဟာရဖြည့်ဆည်းမှုများကို စိုက်ပျိုးရေးဦးစီးဌာနမှ မှာယူဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးအောင်ကျော်ဦးက မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ မြေဆီလွှာအတွင်း သဘာဝမြေသြဇာများနှင့် ဓာတ်မြေသြဇာများကို အချိန်နှင့်တစ်ပြေးညီ အချိုး ကျစွာ အသုံးပြုနိုင်ရေးအတွက် တောင်သူများ လိုက်နာကျင့်သုံးရမည့် နည်းလမ်းများကို လည်းကောင်း၊ ယနေ့ အရေးကြီးနေသော ငမြောင်တောင်ပိုး Fall Armyworm (FAW) ကြိုတင်ကာကွယ်နည်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် တိုက်ရိုက်နှိမ်နင်းနည်းတို့ကိုလည်းကောင်း၊ နှမ်းသီးနှံများတွင်ကျရောက်သော ရိုးမည်းရောဂါနှင့် အခြားပိုးမွှားရောဂါကျရောက်မှုများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တောင်သူများက သီးနှံများစိုက်ပျိုးရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် သိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဝတ်ရည်(ပြန်/ဆက်)