တိုကျို ဩဂုတ် ၁၃

၂၀၂၃ ခုနှစ် ပထမနှစ်ဝက် ကာလ အတွင်း တိုကျိုမြို့အနီးရှိ နာရီတာ လေဆိပ်သို့ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းများ မှတစ်ဆင့် ဝင်ရောက်လာသည့် ခရီးသွားဦးရေမှာ ၁၀ သန်းကျော် ရှိသည်ဟု သိရသည်။

အဆိုပါပမာဏမှာ ကိုဗစ်- ၁၉ စတင်ဖြစ်ပွားသည့် အချိန်မှ စတင်ကာ ပထမဦးဆုံးအကြိမ်ပင် ဖြစ်သည်။ ဇန်နဝါရီမှ ဇွန်လ အတွင်း ခရီးသွားစုစုပေါင်း ၁၁ ဒသမ ၁၄ သန်း ဝင်ရောက်ခဲ့သည်ဟုလေဆိပ် အာဏာပိုင်များက ပြောသည်။ အဆိုပါအရေအတွက် မှာ ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် လေးဆတိုး လာခြင်းဖြစ်သည်။

သို့သော်လည်း ကိုဗစ်-၁၉ ကပ် ရောဂါကာလမတိုင်မီကနှင့်နှိုင်းယှဉ်လျှင် ၆၀ ရာခိုင်နှုန်းသာရှိသေးသည်။

ဂျပန်နိုင်ငံမှ ခရီးသွား ၂ ဒသမ၃၇ သန်းကျော်ရှိပြီး နိုင်ငံခြား ခရီးသွားဦးရေမှာ ၇ ဒသမ ၂၁ သန်းရှိသည်။ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလမှစ၍ ကန့်သတ်ချက်များ တဖြည်းဖြည်းချင်းဖြေလျှော့ပေးပြီးသည့်နောက် ရှုခင်းကြည့်ရန် လာရောက်သည့်ဧည့်သည်ဦးရေ များပြားလာခဲ့သည်။

တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံသို့လာရောက်လည်ပတ်သည့် ခရီးသွားဦးရေမှာ ကပ်ရောဂါကာလမတိုင်မီ နှင့်နှိုင်းယှဉ်လျှင် ၆ဝရာခိုင်နှုန်းကျော် နည်းနေဆဲဖြစ်သည်။ တရုတ်နိုင်ငံမှ ခရီးသွားများမှာ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းများ ပြန်လည်နာလန်ထူစေရန်အတွက် အဓိကကျသည်ဟုလေဆိပ် အာဏာပိုင်များကပြောသည်။

အင်န်အိတ်ချ်ကေ