ဘားအံ နိုဝင်ဘာ ၁၁
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင် ဒုံးအဖွဲ့ ၂၀ တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညပိုင်းက ဘားအံမြို့ သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပသည်။
ဦးစွာ ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအဖွဲ့များက ဒုံးအကများဖြင့် ဖျော်ဖြေကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ တို့က ဒိုင်အဖွဲ့ဂုဏ်ပြုဆုနှင့် ဆုရရှိသည့် ဒုံးအဖွဲ့များအား ဂုဏ်ပြုဆုများ၊ ငွေသားနှင့် တံခွန်စိုက်ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် ရာဓညာဆုတောင်းတေး ပထမဆု ရရှိသော မြဝတီခရိုင် ယဉ်ကျေးမှုဒုံးအဖွဲ့၊ ဒုံးအက ဘက်စုံပထမဆုနှင့် ဒုံးအက ဘက်စုံတံခွန်စိုက်ဆုရရှိသော သင်းပျံ့ပွင့်လန်းနယ်စပ်ပန်း ရွှေကုက္ကိုလ်မြိုင် ယဉ်ကျေးမှုဒုံးအဖွဲ့တို့၏ ကပြဖျော်ဖြေမှုကို ကြည့်ရှု အားပေးကြသည်။
ယင်းနောက် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နိုင်ငံကျော်တေးသံရှင် ဟဲလေး၊ D ဖြိုး၊ ဂေးဂေးတို့နှင့်အတူ ဒေသခံကရင်တိုင်းရင်းသား တေးသံရှင်များပါဝင်သော စင်တင်တေးဂီတ ဖျော်ဖြေပွဲကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Precision Auto Engineering Co.,Ltd ၏ သုံးဘီးနည်းပညာဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်း သင်တန်းဆင်းပွဲကို ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး လူငယ်စင်တာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


