တိုင်းရင်းသားဒေသက ပြည်သူလူထုတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုရှုထောင့်က ပါဝင်နိုင်မလဲဆိုတာကို မှန်မှန်ကန်ကန်သုံးသပ်ပြီး ပူးပေါင်းပါဝင်ကြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်
နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်သည်။ ပြည်တွင်းပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ငြိမ်းချမ်းရေးရယူရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် (NCA) သည် အခြေခံ အုတ်မြစ်ဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် တွင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ အစိုးရ ကိုယ်စားလှယ်များ၏ ရှေ့မှောက်၌ နိုင်ငံ တော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအတွက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည့် NCA သည် ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ၁၀ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ အောက်တို ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရာ NCA ကို အခြေခံပြီး ငြိမ်းချမ်းသော အနာဂတ်နိုင်ငံတော် ဖော်ဆောင်ရေးအတွက် တက်ရောက်လာ ကြသူများ၏ စကားသံများကို စုစည်း တင်ပြလိုက်ရပါသည် -
ဒေါက်တာ အမ်ခွန်လှ
နိုင်ငံရေးလေ့လာသူ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခက်အခဲများစွာထဲက ဆက်လက်ကြိုးစားနေဆဲလို့ ပြောရမှာ ဖြစ်ပါတယ်။ NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ လိုနေတယ်။ ကျန်နေတဲ့ အဖွဲ့တွေနဲ့ဆိုရင် တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ အားလုံးနဲ့သော်လည်းကောင်း အစိုးရနဲ့ Bilateral ဆွေးနွေးမှုတွေလုပ်ဖို့လိုပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းက ကြားဝင်စေ့စပ်သူ တွေရဲ့ အခန်းကဏ္ဍလည်း လိုပါတယ်။ ဒါကိုဖြစ်မြောက်အောင် အကြံပြုနေပါတယ်။ NCA (၁၀)နှစ်ပြည့် ဆွေးနွေးပွဲက အရွေ့ကောင်းပါတယ်။ မေးခွန်းတွေကလည်းကောင်းတယ်။ Guideline ထုတ် တာလည်း ကောင်းပါတယ်။
ငြိမ်းချမ်းရေးရော၊ ဖွံ့ဖြိုးတိုးတက်ရေးရော နှစ်ဖက်စလုံး မျှတတဲ့မေးခွန်း တွေပါတယ်။ လက်ရှိအစိုးရနဲ့ နောင်ဆက်လက်ဆောင်ရွက်ရမယ့် အစိုးရအတွက် အကြံပြုချက်တွေ တော်တော်များများ ထွက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီစီးပွားရေးဆိုင်ရာ အခွင့်အလမ်းက ကြီးမားပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒါကိုရှေ့ဆက်လက်ပြီး ကြိုးစားရမယ်လို့ မြင်ပါတယ်။ တကယ်တော့ အစိုးရရော၊ ပြည်သူလူထုရော၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေရောအားလုံးက ဒီအခြေအနေမှာ ပင်ပန်းနေကြပြီ။ ဒါကို တော်သင့်ပြီ။ ရပ်သင့်ပြီလို့ထင်ပါတယ်။ ပထဝီနိုင်ငံရေးအရ၊ ပထဝီစီးပွားရေးအရ ဒီလောက် အခွင့်အလမ်းအများကြီး တည်ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် ဆင့်ကဲပြောင်းလဲနိုင်ငံရေးဖြစ်စဉ် တည်ဆောက်ပြီး တစ်ဆင့်ချင်းသွားရမယ်၊ လူထုပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကိုလုပ်ရမယ်၊ အားလုံးဝိုင်းဝန်းတိုက်တွန်းမယ်ဆိုရင် ဒီအရွေ့က ပြောင်းကိုပြောင်းပါတယ်။
ဦးယန်ကျင်ကန်
ဥက္ကဋ္ဌ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
NCA ကို ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးထားခဲ့ကြတယ်။ NCA ဆိုတာက ကျွန်တော်တို့နိုင်ငံမှာ မရှိမဖြစ်လိုအပ်နေတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ငြိမ်းချမ်းမှ အရာရာဆက်လက်လုပ်ဆောင်လို့ ရမှာပါ။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းမှုမရှိခြင်းရဲ့ အကျိုးဆက်တွေကို မျက်ဝါးထင်ထင် ခံစားနေရတဲ့အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေလိုအပ်တယ်လို့ ခံယူပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဓိကက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေများတဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အခက်အခဲတော့ရှိနေမှာပါ။ ဒါပေမယ့် အခက်အခဲရှိလို့ ရပ်နားထားရမယ့် လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရွေ့ကို ရှေ့ဆက်လက်သွားနိုင်အောင် တွန်းပို့နေရမှာ ဖြစ်ပါတယ်။ ဘက်စုံက လိုအပ်ပါလိမ့်မယ်။
နိုင်ငံတကာက Think Tank ပညာရှင်တွေလည်း ပါဝင်တဲ့အတွက် ဒီမိုကရေစီက ရွေးကောက်ပွဲနဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတဲ့ အကြံပြုချက်တွေပေးပါတယ်။ လက်ရှိနိုင်ငံတော်က သွားမယ့်အရွေ့ကလည်း ရွေးကောက်ပွဲကနေ သွားမှာဖြစ်တဲ့အတွက် ကောင်းတဲ့အကြံပြုချက်ကို ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ တိုင်းရင်းသားဒေသက ပြည်သူလူထုတွေအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်လိုရှုထောင့်က ပါဝင်နိုင်မလဲဆိုတာကို မှန်မှန်ကန်ကန်သုံးသပ်ပြီး ပူးပေါင်း ပါဝင်ကြဖို့ လိုအပ်မယ်လို့ ထင်ပါ တယ်။
စောခွန်ကျော်ဝင်း
အတွင်းရေးမှူး(၂)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
ဒီနေ့က အလုပ်ရုံဆွေးနွေးပွဲ သုံးရက်မြောက် ရှိခဲ့ပြီ။ ဆွေးနွေးချက်တွေကလည်း အားရစရာ ကောင်းပါတယ်။ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရအတွက်လည်း ရှေ့ဆက်လက် အကောင်အထည်ဖော်ဖို့ အချက်အလက်တွေအများကြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ အစိုးရနဲ့ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးကို ရအောင်ဖော်ဆောင်ဖို့ ဆုံးဖြတ်ထားပြီးသားဆိုတာ တွေ့မြင်ရတယ်။ အနာဂတ် မြန်မာနိုင်ငံတော်အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေရအောင် ဆောင်ရွက်သွားမယ်ဆိုတာ တွေ့ရတယ်။ NCA က နိုင်ငံ တကာကရော၊ အားလုံးကအသိအမှတ်ပြုထားတဲ့အတွက် ခိုင်မာတယ်။ ဒါကြောင့်မပျက်ဘူး။ NCA လမ်းကြောင်းကို ရောက်အောင်သွားမယ်ဆိုတာ တွေ့ရတယ်။ ငြိမ်းချမ်းရေး မရရင် အဓိက ခံစားရမှာ ပြည်သူတွေပါ။ ပညာရေး၊ ကျန်းမာရေး အရာအားလုံးမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့မှာပါ။ တိုင်းပြည်က ငြိမ်းချမ်းဖို့လိုပါတယ်။ မငြိမ်းချမ်းမှုရဲ့ အသီးအပွင့်ကို ပြည်သူတွေပဲ ခံစားရတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းဖို့အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုတယ် လို့ တိုက်တွန်းချင်ပါတယ်။
ဦးကျော်ကျော်ဦး
ပါဝင်သင့်ပါဝင်ထိုက်သူများ
NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားက စည်စည်ကားကား အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ပြီး အောင်မြင်မှုတွေကိုလည်း တွေ့မြင်ရပါတယ်၊၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ရွေးကောက်ပွဲ နဲ့ နောင်ထွက်ပေါ်လာမယ့် အစိုးရသစ်အတွက် အတော်အကျိုးသက်ရောက်မှုတွေ ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်၊၊ ဒီဆွေးနွေးပွဲကနေ ရရှိလာမယ့်ရလဒ်ကောင်းတွေကို တစ်ဆင့်ပြန်လည်ပြီး အသိပညာပေး ဆွေးနွေးတာကို ကျေးရွာတွေ၊ ရပ်ကွက်တွေအထိ ကျွန်တော်တို့ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်၊၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးက ဆက်စပ်နေပြီး ငြိမ်းချမ်းမှသာ နိုင်ငံ့စီးပွားရေး တောင့်တင်းခိုင်မာအောင် ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်၊၊ ငြိမ်းချမ်းရေးရှိမှ ပြည်သူလူထု အကျိုးစီးပွားကို ဆောင်ရွက်နိုင်မယ်။ ငြိမ်းချမ်းရေးသည် ပြည်သူ့ဘဝ လုံခြုံရေးပဲ ဖြစ်ပါတယ်၊၊ ဒီဆွေးနွေးပွဲကတစ်ဆင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ငြိမ်းချမ်းကြပါစေလို့ ဆုတောင်း ပါတယ်၊၊
ဒေါ်လဲ့လဲ့သိန်း
ဒုတိယဝန်ကြီး(ငြိမ်း)
အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍနဲ့ ငြိမ်းချမ်းရေး အဓိကယှဉ်တွဲနေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြပါတယ်။ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရှိမှပဲ စီးပွားရေးက တိုးတက်ကောင်းမွန်လာမယ်။ ကျန်တဲ့လုပ်ငန်းတွေလည်း ငြိမ်းချမ်းမှသာပိုပြီးဖွံ့ဖြိုးတိုးတက် လာနိုင်မယ်ဆိုတော့ ဘက်ပေါင်းစုံက စဉ်းစားကြတယ်။ ဒါကြောင့် ပါတီကိုယ်စားလှယ်တွေ၊ တတ်သိပညာရှင်တွေ၊ အစိုးရဌာနတွေ၊ ပုဂ္ဂလိက ကဏ္ဍတွေ၊ EAO တွေ စသဖြင့် အလွှာပေါင်းစုံက ပါဝင်ဆွေးနွေး ကြပါတယ်။ အခုနှစ်မှာ ပိုပြီးညှိနှိုင်းဆောင်ရွက်မှုတွေ ပိုအားကောင်းလာတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျန်တဲ့ သူအားလုံးကိုလည်း ပါဝင်လာစေချင်တယ်။ ဆွေးနွေးမှုတွေကနေ ရှေ့ခရီးအတွက် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် အခွင့်အလမ်းတွေ ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။
သတင်းအဖွဲ့


