နေပြည်တော် ဇူလိုင် ၂၂

 

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ကာ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာ သင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ပြီးလျှင်ပြီးချင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ ပထမဆုံး လမ်းညွှန်မှာကြားချက်အနေဖြင့် ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာ တတ်မြောက်မှသာ အတတ်ပညာကို သင်ယူတတ်မြောက်နိုင်မည် ဖြစ်သည့်အတွက် ပညာတတ်များ ပေါများစေရန် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

 

 

ထို့ကြောင့် နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ကျောင်း အဆောက်အအုံနှင့် ပရိဘောဂပစ္စည်းများပြုပြင်ခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးမှုနှင့် အတူ ဒေသခံတိုင်းရင်းသား မိဘပြည်သူများ၏ ပူးပေါင်းပါဝင်လာခဲ့မှုကြောင့် ယနေ့တွင် နောင်ချိုမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် စတင်ကျောင်းအပ်လက်ခံနိုင်ခဲ့ရာ ကျောင်းလာရောက် အပ်နှံနိုင်မှုအနေဖြင့် ကျောင်းသား ကျောင်းသူ ၁၆၅ ဦး ရှိကြောင်း သိရသည်။ အဆိုပါ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများ အတွက် ပညာရေး ဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံး စာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ ကို ကျောင်းသား ကျောင်းသူများထံသို့ တစ်ပါတည်း ပေးအပ်ကြသည်။

 

ထို့ပြင် နောင်ချိုမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာမူလ တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာမူလတန်း ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း (သပြေရေ) တို့၌လည်း စာသင်ကျောင်းများပြန်လည်ဖွင့် လှစ်နိုင်ရေးအတွက် ကျောင်းဝင်းအတွင်း အပြင် သန့်ရှင်းသာယာရေးအတွက် တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အခြားလိုအပ်သည်များ ကို ဆောင်ရွက်ပေးသည်။

 

 

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်၏ ဒုတိယ လမ်းညွှန်ချက်အနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စဖြစ်ပြီး အကြမ်းဖက် သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် (၂၅) ခုတင်ဆံ့ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ အား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် အမြန်ဆုံးပြန်လည်ပြုပြင်ပြီး ကျန်းမာရေးစောင့်ရှောက် မှုများပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးရန်ဖြစ်သည့်အတွက် အဆိုပါဆေးရုံအား ပြန်လည် ပြုပြင်နေစဉ် ကာလအတွင်း မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ပူးပေါင်း၍ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသား ပြည်သူ ၁၈၂ ဦးတို့ကို သွေးလွန်တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများနှင့် ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက် ပေးသည်။

 

ယင်းအပြင် နောင်ချိုမြို့နယ် တည်ငြိမ်အေးချမ်း သာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွား ဘဝ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

သတင်းစဉ်