နေပြည်တော် ဇူလိုင် ၂၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ် များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

 

ထိုသို့ ကျောင်းနေအရွယ် ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာ ကျောင်းများကို ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ယနေ့တွင်လည်းကျောင်းသား ကျောင်းသူ ၁၁၁၀ အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိသည့်အပြင် ထပ်မံလာရောက် ကျောင်းအပ်နှံသူ ကျောင်းသား ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံခြင်း များကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ထို့အပြင် တပ်မတော်မှ ဆရာဝန်များ၊ ဆရာဝန်များက ကျန်းမာရေး ဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အဆင် ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ ယာယီ ဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်း သားပြည်သူ ၂၀၁ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

 

နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ ဆေးရုံကြီး အချိန်မီ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများက ဆေးရုံ ပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်း များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်