နေပြည်တော် ၁၈ ဩဂုတ်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်။
ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။
မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈) ပေမှ (၁၁) ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅) ပေမှ (၇) ပေခန့် ရှိနိုင်သည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးပိုလာနိုင်သည်။
နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။
MDN


