နေပြည်တော် ၂၆ ဧပြီ
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒက္ခိဏသီရိမြို့နယ်မှ ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က နေပြည်တော်ကောင်စီ အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ပြည်သူဖြင့်ပေါင်းစပ် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံပွဲအား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲတွင် ပြည်သူများအနေဖြင့် မိမိတို့ဒေသအတွက် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်းတင်ပြမှသာ မိမိတို့ဒေသပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပြည်သူများကပါဝင်စဉ်းစား ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသအတွင်း ဆောင်ရွက်ထားသည့် ဖွံ့ဖြိုးရေးကိစ္စများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လယ်ယာမြေကိစ္စရပ်များကို တင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေရှင်း ဆွေးနွေးကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် တာဝန်ရှိသူများသည် ဧပြီ ၂၂ ရက်က ဒက္ခိဏသီရိမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပွားခဲ့သည့် လေဘေးသင့်အိမ်ထောင်စုများဖြစ်သည့် ရန်အောင်မြင်ကျေးရွာအုပ်စုမှ အိမ်ထောင်စု (၂၄၆)စု၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၂)စု၊ ကြာပင်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၇)စု၊ ရွာမကျေးရွာအုပ်စုမှ အိမ်ထောင်စု(၄)စုတို့အတွက် စုစုပေါင်း အိမ်ထောင်စု(၂၅၉)စုအတွက် နေပြည်တော်ကောင်စီမှ ထောက်ပံ့ငွေကျပ်(၂၄၄၅၀ဝ၀)နှင့် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာထောက်ပံ့ငွေ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးတို့အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၄၁၉၅၅၀ဝ) တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်


