နေပြည်တော် ၂၄ မတ် 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် စည်ပင်သာယာရေးအဖွဲ့နှင့် မျှဝေသောလက်များ (ပျဉ်းမနား) အသင်းတို့မှ ဦးဆောင်၍ မြို့နယ်အတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်းမှ အမှိုက်များနှင့် အညစ်အကြေးများကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် အလှူရှင်များမှ ကျွေးမွေးဧည့်ခံနေမှုများကို တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ 

 

1

 

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရခြင်းမှာ အမှိုက်များရှိပါက ပြည်သူလူထု ကျန်းမာရေး ထိခိုက်လာနိုင်ခြင်းကြောင့် အမှိုက်ကင်းစင်၍ ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေရန်၊ သဘာဝရေမှ အမှိုက်ကြောင့် ရေဆိုးဖြစ်ခြင်းကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် နွေရာသီတွင် ပြည်သူများ ချောင်းရေကို ပြန်လည်သုံးစွဲနိုင်ရန်အတွက် ရည်ရွယ်၍  နေပြည်တော်အတွင်းရှိ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ၊ ပရဟိတအသင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများပူပေါင်း၍ အမှိုက်နှင့် အညစ်အကြေးများ ဆယ်ယူကြပြီး စုပေါင်းဆောင်ရွက်သူများအား  ရေသန့်ဘူးများ၊ အချိုရည်များနှင့် မုန့်များကို စေတနာရှင်များမှ လာရောက်လှူဒါန်းကြကြောင်း သိရသည်။

 

2

 

ငလိုက်ချောင်းအတွင်းရှိ အမှိုက်များ ဆယ်ယူခြင်းနှင့် ပတ်သက်၍ “ကျွန်တော်ခုဆိုရင် ငလိုက်ချောင်းအတွင်းက အမှိုက်တွေကိုဆယ်ယူတာ တတိယအကြိမ် ရှိသွားပါပြီ၊ ဒီလိုစုပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီနှစ်အတွင်း တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်ခဲ့တာ (၁၅)ကြိမ်ရှိပါပြီ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်က စည်ပင်၊ မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအသင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ပြည်သူများပါဝင်လာတော့ လူအင်အား (၁၀ဝ၀)လောက် ဖြစ်သွားပါတယ်၊ စည်ပင်သာယာရေးအဖွဲ့မှ လုပ်သားအင်အားအပြင် အမှိုက်သိမ်းကားများကို အလုံအလောက်ပေးတာကြောင့် ယခင်အကြိမ်များကလို မီးရှို့စရာမလိုတဲ့အတွက် ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု မဖြစ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ကနေ ချောင်းထဲကို အမှိုက်မပစ်ဖို့အတွက် ပညာပေးပိုစတာတွေကို ထင်သာမြင်သာတဲ့ နေရာတွေမှာ လိုက်ကပ်တယ်၊ လက်ကမ်းစာစောင်တွေကို အိမ်အရောက် လိုက်ဝေပေးထားပါတယ်၊ ချောင်းထဲကို အမှိုက်ပစ်လိုက်ရင် ချောင်းအောက်ဘက်က ရွာတွေမှာ ရေအခက်အခဲဖြစ်ပြီး လူတွေ၊ တိရစ္ဆာန်တွေနဲ့ အပင်တွေပါ ဒုက္ခရောက်ကုန်တဲ့အတွက် ဒေသခံပြည်သူများအနေနဲ့ ငလိုက်ချောင်းအတွင်း အမှိုက်များမစွန့်ပစ်ရန် မေတ္တာရပ်ခံအပ်ပါတယ်၊ လူငယ်တွေမှာ အမှိုက်နဲ့ ပတ်သက်တဲ့ အသိဉာဏ်တွေ ဝင်လာပြီး အခုလို ပူးပေါင်းဆောင်ရွက် လာတဲ့အတွက်ကို ဂုဏ်ယူမိပါတယ်” ဟု မျှဝေသောလက်များ (ပျဉ်းမနား) အသင်းမှ ဦးကျော်သူရက ပြောသည်။

စိုးမိုး(ပြန်/ဆက်)