နေပြည်တော် ဇူလိုင် ၁၀
၂၀၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစား သမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ မြန်မာ့ရိုးရာခြင်းလုံး သရုပ်ပြကစားနေမှုကို ကြည့်ရှု အားပေးကာ သရုပ်ပြခတ်ကစားသည့်အဖွဲ့ကို ချီးမြှင့်ငွေပေးအပ်ပြီး မြန်မာ့ရိုးရာသိုင်းအဖွဲ့ကို တွေ့ဆုံ၍ အားပေးစကားပြောကာ ချီးမြှင့်ငွေပေးအပ်သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် သွားနှင့်ခံတွင်း ရောဂါအထူးကုဆေးရုံကြီး၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနနှင့် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သော သက်ကြီးပုဂ္ဂိုလ်များအား သွားတု (အံကပ်) တပ်ဆင်ခြင်းအခမ်းအနားသို့ တက်ရောက်၍ သက်ကြီးပုဂ္ဂိုလ်များအား သွားတု(အံကပ်) တပ်ဆင်ပေးခြင်း၊ စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းနှင့် ဆေးရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆရာဝန်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီတော်ကြီးသို့ သွားရောက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များကို ပြန်လည်ပြုပြင်မွမ်းမံနေမှုအခြေအနေနှင့် ဖယ်ရှားရှင်းလင်း နေမှုအခြေအနေ၊ Cement grouting နှင့် Soil stabilization ဆောင်ရွက်နေမှု၊ မူလရင်ပြင်တော် ကြမ်းခင်းအား တူးထုတ်ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေ သော တပ်မတော်သားများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီးနှင့် ဇေယျဌာနီလမ်းမကြီးများသို့သွားရောက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှု (ဝဲပုံ)၊ ဥတ္တရသီရိရေလှောင်တမံ၊ ယာယီရေတားတမံ ဆောင်ရွက်ထားရှိမှုနှင့် ရေထုတ်ပြွန် ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာ၌ မိုး၊ ဆောင်း၊ နွေရာသီပြည့် သီးနှံများစိုက်ပျိုးရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် သွင်းအားစုများ ပေးအပ်ပွဲသို့ တက်ရောက်၍ နေပြည်တော်ကာင်စီဥက္ကဋ္ဌက တောင်သူများအား သွင်းအားစုများ ပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)


