နေပြည်တော် ဩဂုတ် ၂

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဥတ္တရသီရိမြို့နယ် မန္တလေးလမ်းနှင့် သံတောင်လမ်းများသို့ သွားရောက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်းဆောင်ရွက် နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ကင်မွန်းတန်းကျေးရွာအုပ်စု ကြံဘိုကျေးရွာ ကွင်းအမှတ် (၁၃၁၇) ရှိ ဦးကျော်ဆွေ၏ နေကြာစိုက်ခင်းနှင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှုပြီး တောင်သူများနှင့်တွေ့ဆုံကာ တောင်သူများ၏ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာ ကွင်းအမှတ် (၁၄၇၄) ရှိ တောင်သူဦးသန်းထိုက်၏ မိုးစပါးစိုက်ခင်းတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ပေါင်းစပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုး ဆောင်ရွက်ရေး၊ မိုး၊ ဆောင်း၊ နွေရာသီပြည့်သီးနှံ စိုက်ပျိုးနိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာအား တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ ကြဲပက်စနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် အသုံးပြုဆောင်ရွက်ရေးနှင့် ဓာတ်မြေဩဇာများကို နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယူရီးယားဓာတ်မြေဩဇာကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက အောင်နိုင်တိုးမျိုးစပါးများ၊ နေကြာနှင့် ပဲတီစိမ်းမျိုးများ၊ သွင်းအားစုများကိုလည်းကောင်း တောင်သူများထံပေးအပ်ကြပြီး မိုးစပါးစိုက်ခင်းအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာပေါင်းစပ်ထည့်သွင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ဇေယျာမြေ)