ဟိုင်းကြီကျွန်း ၈  မတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ချိုင့်ခွက်များ၊ အက်ကွဲကြောင်းများဖြင့် ပျက်စီးစပြုနေပြီဖြစ်သော မြို့ပတ်လမ်း(ကွန်ကရစ်လမ်း)ကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၁၄၁ ဒသမ ၃၆) သန်းဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ယခုလ ၇ ရက်နေ့ နံနက် (၈)နာရီအချိန်က စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါလမ်းကို ရန်ကုန်တိုင်းဒေသကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ရုံးက တာဝန်ယူကာ “ငြိမ်းချမ်းရေးနှင့် တည်ဆောက်မှု” လုပ်ငန်းခေါင်းစဉ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လမ်းအရှည် (၃)မိုင်(၄)ဖာလုံကို ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အချိန်အားဖြင့်(၂)လခန့် ကြာမြင့်နိုင်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဦးရန်မျိုးကျော်က ပြောသည်။

 

ဟိုင်းကြီးကျွန်းမြို့ပတ်လမ်းကို ယခင်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ်ရုံးက တာဝန်ခံကာ Dsynswadi Princess Co.,Ltd က လမ်းအရှည်(၁/၁ ဒသမ ၃မိုင်) ကို လည်းကောင်း၊ ပုသိမ်ပိုင်အိုနီးယား ကုမ္ပဏီက လမ်းအရှည်(၁/၁ ဒသမ ၃မိုင်) ကို လည်းကောင်း တာဝန်ယူတည် ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကွန်က ရစ်လမ်းစတင်ခင်းစဉ်က မြို့ပတ်လမ်းမှာ ရွှံ့မြေများဖြင့် လမ်းကြမ်း ဖောက်လုပ်ထားခြင်းဖြစ်သည့်အတွက် မြေသားမတည်ငြိမ်ခြင်း၊ ဒီရေတောများကိုဖြတ်ကျော် ဖောက်လုပ်ထားသည့်လမ်းဖြစ်၍ လုပ်ငန်းသုံးပစ္စည်းများ သယ်ယူပို့ဆောင်ရန် မလွယ်ကူခြင်းတို့ကြောင့် ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ကြရသော လမ်းလည်းဖြစ်သည်။ 

 

ရွှံ့မြေဖြင့် လမ်းကြမ်းဖောက်လုပ်ခဲ့ခြင်းအပေါ်က ကွန်ကရစ်လမ်းခင်းခဲ့ရခြင်းဖြစ်ပြီး  မြေသားမ တည်ငြိမ်သည့်အတွက် ကွန်ကရစ်လမ်း၏သက်တမ်းမှာ သုံးနှစ်ခန့်အကြာတွင် အက်ကွဲခြင်း၊ ကျိုးပဲခြင်း၊ ပေါက်ပြဲခြင်းတို့စတင်ဖြစ်ပေါ်လာခဲ့ပြီး ဒေသခံသွားလာ ရေးအတွက်အဓိကထား အသုံးပြုမှုများလာကြခြင်းတို့ကြောင့် လမ်း၏နေရာအနှံ့တွင် ချိုင့်ခွက်များ၊ အက်ကွဲကြောင်းများ ဖြစ်ပေါ်မှုများလာ ခဲ့သည်။

 

ဒေသခံများနှင့် ခရီးသွားပြည်သူများအနေဖြင့် မြို့ပတ်လမ်းကို ပြန်လည်ပြုပြင်ပေစေလိုမှု မြင့် တက်နေသည့်အချိန်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးက တာဝန်ယူကာ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းကို ဆောက်ရွက်လိုက် သည့်အတွက် ဒေသခံများ ပျော်ရွှင်ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)