ညောင်ဦး ၂၆ ဧပြီ

 

ပူပြင်းခြောက်သွေ့သော နွေရာသီကာလများတွင် နေရာအတော်များများ၌ သောက်သုံးရေးရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရပြီး အကူအညီအထောက်အပံ့များ လိုအပ်လျက်ရှိရာ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတရေလှူအသင်းများက ဒေသခံပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက် ဖြန့်ဝေလှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် နွေရာသီကာလတွင် ရာသီဥတုအပူချိန် ပူပြင်းလာမှုနှင့်အတူ  မြေသားမိုးရေလှောင်ကန်များမှာ ဆောလျင်စွာ ရေခန်းခြောက်မှုများ ဖြစ်ပေါ်ကာ ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရပြီး၊ ကျေးလက်နေပြည်သူများအနေဖြင့် နွေရာသီကာလတွင် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ယခုကဲ့သို့ ကျေးရွာအရောက် သောက်သုံးရေ လာရောက်လှူဒါန်းပေးသူများကို မှီခိုအားထားပြုနေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ်ကျေးရွာများတွင် နွေရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေ အလျင်အမြန် ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိရာ ရေရှားပါးပြတ်လပ်မှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)အပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနများသို့ ဖုန်းဆက်သွယ်မှုအပြင် အခြားဆက်သွယ်ရေး နည်းလမ်းမျိုးစုံဖြင့် အချိန်အခါမရွေး ဆက်သွယ်၍ အကူညီတောင်းခံနိုင်ကြောင်း သိရသည်။

 

MDN