သတင်းဆောင်းပါး - ပေါက်ပေါက်
အိုဇုန်းလွှာပြဿနာကြောင့် ကမ္ဘာကြီး ပူနွေး လျက်ရှိရာ မြန်မာနိုင်ငံ၏ ရာသီဥတုမှာလည်း တစ်နေ့ထက်တစ်နေ့ အပူရှိန်မြင့်တက်လျက်ရှိ သည်။ နေ့ရောညပါ ချွေးထွက်ကြရသည်။ ထိုအခါ ရေများများသောက်ပေးဖို့ လိုအပ်လာသည်။ အဘယ်ကြောင့်ဆိုသော် အပူဒဏ်ကိုရင်ဆိုင်ရာတွင် လူတို့၏ ဇီဝပြောင်းလဲမှုဖြစ်စဉ်များကို ထိန်းချုပ် နိုင်ရန်အတွက် “ရေ”က မရှိမဖြစ်အရာ ဖြစ်ပါသည်။ အပူဒဏ်ကြောင့် တစ်နာရီကြာ ချွေးထွက်ခြင်း အတွက် သန့်ရှင်းသောသောက်ရေကို တစ်လီတာ ခန့် သောက်သုံးပေးသင့်ပါသည်။ ချွေးထွက်လွန် နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးအတွက် တစ်နေ့လျှင် သန့်ရှင်းသော သောက်ရေ(ငါးလီတာ မှ ရှစ်လီတာခန့်)ကို ဓာတ်ဆားရည်နှင့်ရော၍ သောက်သုံးပေးသင့်ပါသည်။
အဘယ်ကြောင့် ရေများများသောက်သင့်သနည်း
• အကယ်၍ လူတစ်ယောက်သည် အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက် (၄၁ ဒီဂရီစင်တီ ဂရိတ်)တွင် အချိန်ကြာကြာ အပူဒဏ်ကို ဆက်၍ခံနေရပါက ဦးနှောက်ကလာပ် စည်းများကို ထိခိုက်ပျက်စီးစေနိုင်သည်။
• အကယ်၍ လူတစ်ယောက်သည် အပူချိန် ၁၀၉ ဒီဂရီဖာရင်ဟိုက် (၄၃ ဒီဂရီစင်တီ ဂရိတ်)တွင် အသက်သေဆုံးနိုင်သည်။
ထို့ကြောင့် ပြောင်းလဲလာသော ပြင်ပအပူရှိန် နှင့်အတူ လူ့ခန္ဓာကိုယ်တွင်း၌အပူချိန်တို့ မျှခြေ ဖြစ်စေဖို့အတွက် ပူပြင်းသောရာသီတွင် ရေများများ သောက်ပေးသင့်ပါသည်။ အပူဒဏ်ခံရမှုကြောင့် ကိုယ်အပူချိန်ကျစေရန်အတွက်ကိုလည်း ရေများ များသောက်ခြင်း၊ ခန္ဓာကိုယ်တွင်း အပူငြိမ်း၍ အေးမြစေသော အစားအသောက်များဖြစ်ကြသည့် ဥပမာ နွားနို့၊ ဒိန်ချဉ်၊ အုန်းစိမ်းရည်၊ ထန်းရည်ချို၊ ဖရဲသီး၊ ဖရဲသခွား၊ သခွားမွှေးသီး၊ သံပရာသီး၊ သခွားသီး၊ ဘူးသီး၊ မန်ကျည်းသီး၊ ရှောက်သီး၊ ပူစီနံရွက်၊ ဂေါ်ရခါးသီး၊ မုန်လာဥအဖြူ စသည်တို့ကို စားပေးသင့်ပါသည်။
နွေရာသီ ရေချိုးသင့်သောအချိန်
ပူပြင်းသောရာသီတွင် ရေချိုးနည်းစနစ်မှန်ကန် ရန်လည်း အထူးအရေးကြီးသည်။ ရေချိုးနည်းမှန်ကန် မှသာလျှင် အပူကိုအကြောင်းခံ၍ ဖြစ်ပေါ်သော လေသင်တုန်းရောဂါ (Heat Stroke)ကို ကာကွယ် နိုင်မည်ဖြစ်ပေသည်။ ရေချိုးသည်ဆိုရာတွင်လည်း အချိန်အခါမဟုတ် မချိုးသင့်ပေ။ “ဆောင်း တစ်ဆယ်၊ နွေကိုး၊ မိုးခုနစ် ရေချိုးစနစ် အကျိုး ဖြစ်၏” ဟု ရှေးဗိန္ဒောဆရာကြီးများက မိန့်ဆိုထား သည်။ ထို့ကြောင့် နွေရာသီအတွက် ရေချိုးရန် အသင့်တော်ဆုံးအချိန်မှာ နံနက် ၉ နာရီ ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံရာသီဥတုအတွက် ၁၂ လရာသီ ပတ်လုံးမှာ နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီ အတွင်းသာ ရေချိုးသင့်ကြောင်း မှတ်သားလိုက်နာ သင့်ပေသည်။ နေပူထဲကပြန်လာလျှင် ချက်ချင်း ရေမချိုးသင့်ပေ။ နေပူထဲကပြန်လာပြီး ရေချိုးလို ပါက ရေကိုဝအောင်သောက်ပြီးနောက် ခေတ္တဆိုင်းငံ့ အနားယူပြီးမှသာ ရေချိုးသင့်ပါသည်။ (ရေခဲရေ မသောက်ပါနှင့်)။ မည်မျှပင်ပူအိုက်နေပါစေ ညဘက် ရေချိုးခြင်းကို ရှောင်ရှားသင့်ပေသည်။ ညအချိန် ရေချိုးခြင်းက သွေးလေထိုင်းမှိုင်းပြီး အခိုးမထွက် တော့ဘဲ ရေချိုးမှား၍ ဖျားနာတတ်သည်။ အဆိုးဆုံး အခြေအနေ၌ လေဖြတ်တတ်ပါသည်။ အကယ်၍ မဖြစ်မနေ ညဘက် ရေချိုးရမည်ဆိုပါက အိမ်ထဲတွင် ဆယ့်ငါးမိနစ်ခန့် မရပ်မနား လမ်းသွက်သွက် လျှောက်ပြီး လည်ကုပ်နှင့်ချိုင်း(ဂျိုင်း) ချွေးစို့ လာမှသာ ရေချိုးသင့်ပါသည်။
ရေချိုးနည်းစနစ်
ပုံမှန်ကျန်းမာရေးကောင်းမွန်နေသူအတွက် လိုက်နာသင့်သော ရေချိုးပုံနည်းစနစ်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။
• ပထမအဆင့်၌ ဒူးဆစ်အောက်ပိုင်း ခြေထောက်မှစ၍ ရေလောင်းချိုးပါ။
• ဒုတိယအဆင့်၌ ခါး၊ ပေါင် စသည်တို့ကို ရေလောင်းချိုးပါ။
• တတိယအဆင့်၌ ကျောပြင်မှစ၍ ရေလောင်းချိုးပါ။
• စတုတ္ထအဆင့်၌ တစ်ကိုယ်လုံး ရေလောင်း ချိုးပါ။
ထိုနည်းစနစ်ဖြင့် ရေချိုးလျှင် ကိုယ်ခန္ဓာ အတွင်း အောင်းနေသော အပူ၊ အပုပ်၊ အခိုးများ တရှိန်ရှိန်ထွက်၍ ကိုယ်လက်ပေါ့ပါးကာ စိတ်ကြည် လင်လန်းဆန်းလာစေပါမည်။ အထူးသတိထား ဆင်ခြင်ရန်မှာ ရေကို ခေါင်းကစ၍ လောင်းချိုးလျှင် တစ်ကိုယ်လုံးရှိ အခိုးအငွေ့များ ဦးခေါင်းထဲ ရောက်လာ၍ ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိမှုန်၊ ဆံပင်ကျွတ်၊ ထိပ်ပြောင် စသည်တို့ ဖြစ်စေသည်။ ထို့ကြောင့် ခေါင်းလျှော်သည့်နေ့တွင်လည်း ဖော်ပြပါ ရေချိုးပုံနည်းစနစ် အဆင့်ဆင့်အတိုင်း လိုက်နာသင့် ပါသည်။
အထက်ပါရေချိုးနည်းသည် ကျန်းမာရေးပုံမှန် ကောင်းမွန်နေသူများအတွက် ဖြစ်သော်လည်း ခြေဖျားလက်ဖျား အမြဲအေးစက်လေ့ရှိသူများ၊ သွေးပေါင်ချိန်ကျသူများနှင့် တစ်မိနစ်လျှင် သွေးခုန် နှုန်း အကြိမ် ၅၀ အောက် နည်းသူများကမူ ရေမချိုး ခင် အသက်ပြင်းပြင်း လေဝဝရှူပါ။ လေကောင်း လေသန့်ရသောနေရာ၌ ခေတ္တမျှလမ်းလျှောက်ပြီး ရေနွေးဖြင့်ချိုးပါ။ သို့သော် ရေနွေးအပူသည် လူ့ခန္ဓာ ကိုယ် အပူရှိန်ထက်ပို၍ မပူသင့်ပေ။ ရေနွေးနှင့် ရေချိုးနေစဉ် မျက်နှာသုတ်ပဝါတစ်ထည်ကို ရေအေးဆွတ်၍ ဦးခေါင်းထက် ပေါင်းထားသင့် ပါသည်။
ရေချိုးခြင်း၏ အကျိုးကျေးဇူးများ
နေ့စဉ် ရေချိုးခြင်းအားဖြင့် လူ့ခန္ဓာကိုယ်အား အပူ၊ အအေးမျှတအောင် သဘာဝနည်းဖြင့် ပြုပြင် ပေးရာရောက်သည်။ ရေချိုးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ တစ်နည်း ဆိုသော် ခန္ဓာကိုယ်အား အပူအအေးမျှတအောင် သဘာဝအလျောက်ပြုပြင်ပေးသည့် ကုထုံးတွင် ရေချိုးခြင်းက အထိရောက်ဆုံးနှင့် အလွယ်ကူဆုံး နည်းစနစ်ဖြစ်ပါသည်။ ရေမှန်မှန်ချိုးခြင်းဖြင့် အောက်ဖော်ပြ ပါ ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။
လူ့ခန္ဓာကိုယ်မှထွက်သည့် မကောင်းသော အခိုးအနံ့နှင့် ကြေးညှော်များကို သန့်ရှင်းစင်ကြယ် စေသည်။ အာဂန္တုပိုးမွှားများကို ပယ်ဖျောက်စေပါ သည်။ ထိုမျှမက ကူးစက်တတ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးများကိုလည်း ရေများများလောင်း၍ ဆပ်ပြာမော်လီကျူး များဖြင့် နှိမ်နင်းနိုင်ပါသည်။ လူ့ခန္ဓာကိုယ်မှ ထွက်သော ချွေးအဆီအစေးတို့သည် ကိုးသောင်း ကိုးထောင်သော မွေးညင်းပေါက်များကို ပိတ်ဆို့ ထားရာ ရေချိုးလိုက်ခြင်းဖြင့် ၎င်းမွေးညင်းပေါက်များ ပွင့်လာသည်။ အခိုးပွင့်လာသဖြင့် စိတ်ကြည်လင် လန်းဆန်းလာသည်။ ရေမှန်မှန်ချိုးခြင်းဖြင့် မျက်စိကြည်လင်စေပြီး သွားကိုက်သွားနာခြင်း၊ သွားဖုံးရောင်ခြင်း၊ ခေါင်းအုံခြင်း၊ အကြောတက်ခြင်း၊ နားအူခြင်းတို့မှ ကာကွယ်နိုင်သည်။ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီးနောက် ရေချိုးလိုက်သောအခါ ချက်ချင်းဆိုသလို အားအင်ပြန်လည်ပြည့်ဝသလို စိတ်ရောကိုယ်ပါ ခံစားရနိုင်ပါသည်။ သဘာဝ ပတ်ဝန်းကျင်လေထုနှင့် ထိတွေ့မှုနည်းသော ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများဖြစ်ကြသည့် ပေါင်ခြံ၊ ချိုင်း(ဂျိုင်း)ကြားတို့ကို ရေချိုးခြင်းဖြင့် သန့်ရှင်း စင်ကြယ်စေသည်။ ရေချိုးခြင်းဖြင့် မျက်စိ၊ နား၊ နှာခေါင်း ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းက လွန်စွာကောင်းကျိုးပြုပါသည်။ နွေရာသီ ခံတွင်း ပျက်၊ အစာစားလိုစိတ်မရှိသော သက်ကြီးရွယ်အို များ ရေချိုးပြီးနောက် ထမင်းစားပါက ခံတွင်းလိုက် ပြီး ထမင်းမြိန်စေပါသည်။
အပူဒဏ်ခံနိုင်ရန် ဆေးဖက်ဝင်ရေချိုးနည်း
အပူဒဏ်ခံနိုင်စေရန် ဆေးဖက်ဝင်ရေချိုးနည်း အဆင့်ဆင့်ကို အောက်ပါအတိုင်း အကြံပြုလို ပါသည်။
• အရိပ်ထဲတွင် ရေချိုးပါ။
• ဦးစွာ သောက်ရေတစ်ဖန်ခွက်အပြည့် သောက်ပါ။
• ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်း အာရုံကြောစနစ်များ ဖြစ်ကြသည့် (၁) ခြေထောက်အောက်ပိုင်း၊ (၂) လက်ဖျား၊ (၃) လက်မောင်းများ စသည့် သုံးနေရာကို ကြိုတင်အသိပေးသည့်အနေဖြင့် ရေဆွတ် ပက်ဖျန်းပေးပါ။
• ပြီးနောက် မျက်နှာသစ်ပါ။
• တစ်ဆက်တည်းမှာပင် လည်ကုပ် (ကုပ်ပိုး)နှင့် လည်ပင်းတို့ကို ရေနှင့် ပက်ပေးပါ။
• ပြီးမှ ရေလောင်းချိုးပါ။
• ရေချိုးပြီးမှ သွားတိုက်ပါ။
• အလွန်အေးစိမ့်သော ရေကိုမချိုးရ။
• ရေချိုးပြီးခါစဖြစ်သော်လည်း နွေရာသီ၌ ချွေးထွက်တတ်သည်။ ရေချိုးပြီးခါစ ပန်ကာလေ မခံပါနှင့်။
• ရေချိုးပြီးနောက် ရေခြောက်အောင် သုတ်ပါ။
• သနပ်ခါးရေကျဲကို နေ့စဉ် မှန်မှန်လိမ်း ပေးပါ။
မှတ်ချက်
ရေချိုးသောအခါ ဗြုန်းခနဲ တစ်ရှိန်တည်း ရေကို လောင်းချိုးခြင်းမပြုပါနှင့်။ ၎င်းနည်းက ကိုယ်အငွေ့ အပြင်သို့ မထွက်တော့ဘဲ အပူငုပ်ပြီး ရောဂါရတတ် သည်။ ပူပြင်းသောရာသီ၌ ရေချိုးကြာမြင့်ချိန်သည် အနည်းဆုံး ခုနစ်မိနစ်မှ အများဆုံး ၁၁ မိနစ်ခန့် ဖြစ်သင့်ပါသည်။ မြစ်၊ ချောင်းများ၌ ရေချိုးသူများ သည် တစ်ခါတည်း မြစ်၊ ချောင်းထဲသို့ ခုန်မချဘဲ ရေဖြင့် ကိုယ်လက်တို့ကို ပွတ်သပ်ပြီးမှ ရေထဲသို့ ဆင်းပါ။ နေပူကျဲကျဲအချိန်၊ ဖျားနာနေချိန်၊ နေပူထဲက ပြန်ရောက်ခါစအချိန်၊ အလုပ်သိမ်းခါစ မောပန်း နွမ်းနယ်ချိန် သို့မဟုတ် အားကစားလုပ်ပြီးပြီးချင်း ချွေးထွက်များချိန်၊ ခရီးရောက်မဆိုက်အချိန် စသည့် အချိန်များတွင် ရေချိုးပါက အဆုတ်နာရောဂါ၊ မျက်စိမှုန်ဝေခြင်း၊ မျက်စိနာခြင်း၊ နားအူခြင်း၊ နားလေထွက်ခြင်း၊ နားပင်းရောဂါနှင့် လေဖြတ် လေငန်းရောဂါများကို ဖြစ်စေတတ်သည်။
အချုပ်အားဖြင့်ဆိုသော် အနာရောဂါကင်းဝေး ပြီး သက်တမ်းစေ့နေလိုသူများအတွက် ရေချိုးရာ တွင် စနစ်တကျ မှန်ကန်ဖို့လိုပါသည်။ နွေရာသီ ရေချိုးမှားတတ်သူများ၊ အပူလေသင်တုန်း (Heat Stroke) ဖြစ်လွယ်သော သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအတွက် ယခုနှစ်နွေရာသီတွင် အပူဒဏ်ခံနိုင်ရန် ဆေးဖက်ဝင်ရေချိုးနည်းအတိုင်း ရေချိုးသင့်ပါသည်။ ဤနည်းက ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို တဖြည်းဖြည်း အေးမြစေခြင်းမျိုးဖြင့် အပူမလျှပ်စေသည့် ရေချိုးနည်းဖြစ်ပါသည်။ အထူးသတိပြုရန်မှာ မည်သည့်ရာသီဥတုမဆို အလွန်အေးသောရေနှင့် အလွန်ပူနွေးသောရေတို့ကို မချိုးပါနှင့်။ ရေမချိုးမီ ရေတစ်ခွက်ကြိုတင်သောက် ထားသင့်ပြီး ရေလောင်းမချိုးခင်တွင်လည်း ဆီးအရင် သွားထားဖို့ လိုအပ်သည်။ ရေမချိုးမီ ခြေဖဝါးကို ဆားပွတ်ခြင်းက အလွန်ကောင်းမွန်သောအလေ့အထ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။


