ရန်ကုန် မေ ၁၈
စပါးမှ ဘေးထွက်ပစ္စည်းအဖြစ်ရရှိသည့် ဖွဲနုကို ပြည်တွင်း၌ မွေးမြူရေးအစာအဖြစ် အဓိကအသုံးပြု လျက်ရှိရာ နွေစပါးစိုက်ပျိုးထွက်ရှိချိန်တွင် ရရှိသောဖွဲနုနှင့် ဖွဲနုအစားထိုးအစာအတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် အာဟာရဗေဒပညာရှင်များ ဆွေးနွေး ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရ သည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြိုတင်သတိပေးချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ငါးမွေးတောင်သူအချို ငါး/ပုစွန် ကန်များကိုဖော်၍ ရွှေပိတောက်နှင့် စံပြငါးဈေးသို့ မေလဒု တိယပတ်တွင် တင်ပို့ရောင်းချခဲ့ရာ တစ်ရက်လျင် ကုန်ချိန် (၃) သိန်းခန့်ပုံမှန်ဝင် ရောက်လျက်ရှိ သည်။ ယခုနှစ်တွင် မွေးမြူလျက်ရှိသည့် ငါး/ပုစွန်ကန်များလိုအပ်သည့် ဖွဲနုလိုအပ်ချက်ကို ကြိုတင်ဖြည့်ဆည်း ပြင်ဆင်နိုင်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် အာဟာရသုတေသန ပညာရှင်များနှင့် ဆွေး နွေးညှိနိုင်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။
“မုန်တိုင်းမဝင်မီ ငါး/ပုစွန်လုပ်ငန်းရှင်တွေက နာဂစ်အတွေ့အကြုံလည်း ရှိထားတယ်ဆိုတော့ ဆုံးရှုံးမှု မရှိအောင် ကန်တွေဖော်ပြီးဒိုင်ကိုပို့ခဲ့တဲ့အတွက် မေလဒုတိယပတ်မှာ ငါးဈေးကျခဲ့တာရှိတယ်။ ငါးဈေးကိုတစ်ရက် နှစ်သိန်းကျော်ဝင်နေရာကနေ တန်ချိန် သုံးသိန်းကျော်၊ လေးသိန်းဝင်လာတယ်ဆိုရင် စားသုံးသူအတွက်ဈေးနှုန်းကျပြီး မွေးမြူထုတ်လုပ်သူအတွက် အရှုံးပေါ်လေ့ရှိတယ်။ အဓိကပြသနာက ဖွဲနုဖြစ်နေတယ်။ ငါးအစာမှာဖွဲနုကိုအဓိက ကျွေးတာဖြစ်တဲ့အတွက် ဖွဲနုတစ်ပိသာကျပ် ၁၂၀၀ ကျော် လာတာကြောင့် စပါးစိုက်ဧကနဲ့ထွက်ရှိတဲ့ ဖွဲလောက်ငှမှုမရှိနိုင်ဘူးဆိုတာ တွက်ချက်ရာမှာ တွေ့ရ တယ်။ စပါးစိုက်ဧက ၅၇၀,၀၀၀ နီးပါးစိုက်တယ်ဆိုတော့ ဖွဲနုနေရာမှာ ဘာကိုအစားထိုးနိုင်မလဲ။ အစားထိုးနိုင်တဲ့အရာ မြန်မာပြည်မှာ ဘာရှိလည်းပေါ့။ အာဟာရဗေဒပညာရပ် ကျွမ်းကျင်တဲ့ ပညာရှင်တွေက တွက်ချက်ပြီး ဖွဲနုအစားထိုးအစာကို တွက်ချက်ရမယ့်သဘော ဖြစ်ပါတယ်။ ဖွဲနုအစားထိုးအစာ တစ်မျိုးကိုထုတ်လုပ်နိုင်မယ်ဆိုရင်ကောင်းတာပေါ့ ငါးမွေးတောင်သူတွေ အမြဲရှင်သန်နိုင်အောင် အဖွဲ့ချုပ်အနေနဲ့လည်း အမြဲစဉ်းစားဆောင်ရွက်နေတာပါ။ မြန်မာနိုင်ငံမှာ ငါးမွေးကန် ဧက(၂)သိန်းခွဲ၊ ပုစွန်မွေးကန်ဧက(၁) သိန်းကျော်ရှိပြီးတော့ ရန်ကုန်တိုင်းမှာ စာရင်းအရ ငါးကန်ဧက(၈) သောင်းနီးပါးရှိတယ်။ မိုခါမုန်တိုင်းမှာ ရန်ကုန်နဲ့ ဧရာဝတီထိခိုက်မှုမရှိခဲ့တဲ့ အတွက်မွေးမြူရေး တောင်သူနဲ့ စားသုံးသူလည်း ထိခိုက်မှုမရှိဘူးလိုဆိုရမှာပါ။ မွေးမြူရေးကဏ္ဍမှာ ဖွဲနုအစာဟာ အချို့ဆိုရင်ဝယ်လို့မရတဲ့ အနေအထားမှာရှိနေတဲ့အတွက် အခက်အခဲတော့ရှိလာနိုင်တယ်။ ဒါကြောင့် ဖွဲနုနေရာမှာအစားထိုးဖို့ ဘယ်ဟာအကောင်းဆုံးလဲဆိုတဲ့ သုတေသနလုပ်ဆောင်ရမယ့် အရာတွေ ဖြစ်လာပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။
ဓာတ်ပုံ - ကနူး၊ ညိမ်းသူ (သတင်းစဉ်)


