နေပြည်တော် ဇွန် ၂၆
“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့်ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှအေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။
ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစား အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ တက်ရောက်ကြပြီး အဖွဲ့ (၂) ဖွဲ့ခွဲ၍ ဆွေးနွေးကြသည်။
အမြင်သဘောထားများဆွေးနွေး
နံနက်ပိုင်းဆွေးနွေးမှုတွင် အဖွဲ့ (၁)နှင့် အဖွဲ့ (၂) တို့၏ သဘာပတိများအဖြစ် အဖွဲ့ (၁)၌ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ အဖွဲ့(၂)၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း)တို့က ဆောင်ရွက်ကြပြီး “ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး(နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် ရွေးကောက်ပွဲ၏ အရေးပါမှု၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပြီး ဂုဏ်သိက္ခာရှိသော လွှတ်တော်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်သင့်သော အစီအမံများ)" ခေါင်းစဉ်ကိုလည်းကောင်း၊ မွန်းလွဲပိုင်းဆွေးနွေးမှုတွင် အဖွဲ့(၁)၌ သဘာပတိအဖြစ် ဒေါက်တာ ညိုညိုသင်းက ဆောင်ရွက်ပြီး “ငြိမ်းချမ်းရေး၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲနှင့် နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ဖော်ထုတ်ခြင်း"၊ အဖွဲ့(၂)၌ သဘာပတိအဖြစ် ဒေါက်တာ ချောချောစိန်က ဆောင်ရွက်ပြီး “ရွေးကောက်ပွဲအလွန် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုနိုင်မည့် နိုင်ငံတကာ အသိုက်အဝန်းများ၏အခန်းကဏ္ဍကို ဖော်ထုတ်ခြင်း" ခေါင်းစဉ်တို့ကိုဆွေးနွေးကြပြီး တက်ရောက်လာကြ သူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်း မေးမြန်းခြင်းများအပေါ် ဦးဆောင်ဆွေးနွေး သူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ ငြိမ်းချမ်းရေးဖိုရမ် တတိယနေ့ ဆွေးနွေးပွဲအား ဇွန် ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


