နေပြည်တော် ဇူလိုင် ၂၁
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ(ယာပုံ)နှင့် ဆွမ်းဦးပုညရှင်စေတီတို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများ ဘက်စုံပြန်လည်ပြုပြင်နေမှု၊ စစ်ကိုင်းမြို့ရှိဘုန်းတော် ကြီးကျောင်းတိုက်များ၌ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုနှင့် ဘက်စုံပြန်လည် ပြုပြင်နေမှု၊ နှစ်(၇၀၀)ပြည့် အားကစားခန်းမ၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ပေးအပ်သည့် ထောက်ပံ့ငွေ များ ပေးအပ်နေမှုကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ သောတပန် ရပ်ကွက် အနီးစခန်းသာမဏေကျော် ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး အဆိုပါစာသင်တိုက်ရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ယောဂီများအား တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှဆေးကုသရေးအဖွဲ့တို့ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါး ကုသပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ နန်းမြို့ရိုး၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျုံးအနောက်ဘက်ရှိ စည်ရှည်တံခါးအား ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံနေမှု၊ မြို့ရိုးအတွင်းဘက်ရှိလှေကားများအား ပြန်လည်ပြုပြင်ရန် ဆောင်ရွက်ထားရှိမှု၊ အောင်မြေသာစံ မြို့နယ် အနှိပ်တော် ရပ်ကွက်ရှိ Sky Villa နေရာ၌ အပျက်အစီးများကို စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ် ဖယ်ရှား ရှင်းလင်းနေမှု၊ ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီ ရပ်ကွက်နှင့် အောင်မြေသာစံမြို့နယ် အနှိပ်တော် ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် အန္တရာယ်ရှိ အဆောက်အအုံများကို စက်ယန္တရားကြီးများ အသုံးပြု၍ ရှင်းလင်းဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


