နေပြည်တော် ၇ မတ် 

 

ငါးလုပ်ငန်းကဏ္ဍ အဂတိမှုအသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ငါးမွေးမြူရေး လုပ်ငန်းသည် ငါးစားသုံးခြင်း၊ ငါးအခြေခံထွက်ကုန်များ အပါအဝင် အစားအစာအာဟာရ ဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ အရည်အသွေးပြည့်ဝသည့် ငါးနှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများ ရင်ဆိုင်ကျော်လွှားနိုင်ရေး၊ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် အခြေခံ အဆောက်အဦများနှင့် ကောင်းမွန်သော စီမံခန့်ခွဲမှုများ တိုးတက်ဆောင်ရွက်ရန် လိုအပ်လျက် ရှိသကဲ့သို့ ငါးလုပ်ငန်းဆိုင်ရာ တားဆီးကာကွယ်မှုများတွင် အဟန့်အတားများ ဖြစ်ပေါ်နိုင်သည့် အဂတိမှုများကင်းရှင်းရေးသည် အရေးပါသည့် အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

 

ပင်လယ်သမုဒ္ဒရာ အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရေရှည်တည်တံ့စွာ အသုံးချနိုင်ရန်၊ တာဝန်ယူမှုရှိသော စီမံခန့်ခွဲမှုအလေ့အထများ လုပ်ဆောင်ရန်၊ အများပြည်သူဆိုင်ရာ အရင်းအမြစ်များအား မှားယွင်းစွာစီမံခန့်ခွဲမှုမှ ကာကွယ်နိုင်ရန်၊ ငါးလုပ်ငန်းဆိုင်ရာ ဥပဒေများနှင့် တားဆီးကာကွယ်မှုများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိသည့် ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့ (UNODC) နှင့် နော်ဝေနိုင်ငံမှ ပညာရှင်များပူးပေါင်း၍ ငါးလုပ်ငန်းကဏ္ဍ အဂတိမှုအသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

1.20