ဇူလိုင် ၃၁

နီပေါနိုင်ငံတွင် မေလနှောင်းပိုင်းကစတင်ခဲ့သောမုတ်သုံရာသီအတွင်း သေဆုံးသူ ၄၃ ဦး ရှိလာပြီး ၁၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအဖွဲ့အေဂျင်စီက ပြောကြားသည်။

မုတ်သုံမိုးများရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ် ၅၆၉ ကြိမ်ဖြစ်ပွားကာ ၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားအဆင့်သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာအာဏာပိုင်များက ယမန်နေ့ညနေပိုင်းက သတင်းထုတ်ပြန်ထားသည်။

မြေပြိုမှုများကြောင့် ၁၄ ဦး သေဆုံးပြီး မိုးကြိုးပစ်မှုများကြောင့် ၁၄ ဦးသေဆုံး၊ ၉၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရေကြီးရေလျှံမှုများကြောင့် ၁၅ ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လွန်ခဲ့သောနှစ်က  မုတ်သုံရာသီအတွင်း သေဆုံးသူ ၁၇၇ ဦးရှိပြီး ၁၈၂ ဦး ထိခိုက်ဒဏ်ရာရရှိမှုနှင့်နှိုင်းယှဉ်ပါက ထိခိုက်သေဆုံးမှုအရေအတွက်လျော့နည်းလာသည်ဟု ဖော်ပြထားသည်။

မုတ်သုံရာသီကာလသည် မေလနှောင်းပိုင်းမှအောက်တိုဘာလအစောပိုင်းအထိ ဖြစ်လေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို