ရန်ကုန် နိုဝင်ဘာ ၁၂
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့ အခြေစိုက် သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှင်းလင်းပြောကြားမှုအစီအစဉ်သို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မကြာမီကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲ ဖြစ်စေရန် ပြင်ဆင်နေမှုများ၊ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည့် အစီအစဉ်များ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအား ကန့်သတ်ထားခြင်း မရှိဘဲ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် ပြည်တွင်း ပြည်ပမှ လေ့လာသူအဖွဲ့များ၊ နိုင်ငံတကာမှ သံတမန်များနှင့် အဖွဲ့အစည်းများအား ဖိတ်ကြားထားခြင်း၊ ပြည်တွင်း ပြည်ပမှမီဒီယာများအား မှတ်ပုံတင်ခွင့်ပြုထားခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် နှင့်ထိတွေ့ဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်မှု အခြေအနေများ၊ နယ်စပ်ဒေသများကို အခြေပြု၍ ဖြစ်ပေါ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့များက ကာစီနို၊ အွန်လိုင်းလောင်းကစား စသည်တို့ကို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများနှင့်အတူ ကျူးလွန်ဆောင်ရွက်နေမှုများကို တိုက်ဖျက်နေသည့် ကိစ္စများ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ ၂ နှစ်ကျော်ကာလအတွင်း မြန်မာနယ်စပ်သို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင်ရောက်ရှိနေသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၇၉၈၂ ဦးအား အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေများ၊ အိမ်နီးချင်း နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေများတွင် အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေသည့် ဂိုဏ်းများအား တိုက်ဖျက်ချေမှုန်း နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူများ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ အိမ်နီးချင်း နိုင်ငံများမှတစ်ဆင့် ကုန်းလမ်းမှ ဝင်ရောက်လာခြင်း၊ ယင်းရာဇဝတ် ဂိုဏ်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများသည် အင်တာနက်၊ လျှပ်စစ်မီး၊ ငွေကြေးလွှဲပြောင်းမှုများကို အိမ်နီးချင်းနိုင်ငံများမှ အခြေခံ အဆောက်အအုံများကို အသုံးပြု ဆောင်ရွက်ကြောင်း တွေ့ရှိရသဖြင့် အဆိုပါနယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိ မြေပြင်အခြေအနေများကို သံတမန်များအနေဖြင့် သက်ဆိုင်ရာအစိုးရများထံ မှန်ကန်စွာ တင်ပြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက အီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ မဲပေးပုံ နည်းစနစ်အကြောင်း ရှင်းလင်း သရုပ်ပြရာ တက်ရောက်လာသည့် သံတမန်များက Electronic Voting Machine ကို လက်တွေ့စမ်းသပ်အသုံးပြုခြင်း၊ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် မြန်မာနိုင်ငံ၌ မထုတ်လုပ်နိုင်သည့် ဓာတုအခြေပြု မူးယစ်ဆေးဝါးများ နယ်စပ်နိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်နေမှုများ ထိန်းချုပ်နိုင်ရေး၊ EAOs များ အဓိကပါဝင်နေပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုနှင့် တိုက်ရိုက် သက်ဆိုင်နေခြင်းတို့ကြောင့် အလေးထားဆောင်ရွက်နေကြောင်း၊ ယင်းကို အိမ်နီးချင်းနိုင်ငံများက ဝိုင်းဝန်းထိန်းချုပ်ပေးရန်နှင့် အလေးထားစောင့်ကြည့် အရေးယူ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားပြီး အွန်လိုင်းလောင်းကစားဂိုဏ်းများတိုက်ဖျက်ရာ၌ ထိန်းသိမ်း၍ ပြန်လည် ပို့ဆောင်ခဲ့ရသူအချို့၏ ဖြေကြားချက်များကို ဗီဒီယိုဖြင့် ပြသရှင်းလင်းသည်။
ထို့အတူ KK Park ရှိ အဆောက်အအုံ စုစုပေါင်း ၆၂၅ လုံးအနက် ပထမအဆင့်တွင် ၁၄၈ လုံး ဖြိုချဖျက်ဆီးနေမှု၊ ဒုတိယအဆင့်တွင် ၆၂ လုံး၊ တတိယအဆင့်တွင် ၄၂၅ လုံး ဆက်လက် ဖြိုချသွားမည့် အခြေအနေများကို ပြောကြားခဲ့ပြီး ရောက်ရှိနိုင်ငံ၊ မူရင်းနိုင်ငံနှင့် တစ်ဆင့်ခံနိုင်ငံ တို့အကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် သံတမန်များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


