နိုင်ငံတစ်နိုင်ငံ၏ ရတနာများမှာ သယံဇာတတွင်းထွက်ပစ္စည်းများဟုဆိုနိုင်၏။ အမှန်တကယ်ဆိုလိုချင်သည်မှာ နိုင်ငံ၏ရတနာတို့သည်ထိုနိုင်ငံအတွင်းရှိ လူသားအရင်းအမြစ်များကို ဆိုလိုချင်ပါ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူသားအရင်းအမြစ်ရတနာများသည် တန်ဖိုးရှိသော နိုင်ငံတစ်နိုင်ငံဖြစ်အောင် ဖန်တီးပေးနိုင်သောကြောင့် ဖြစ်၏။
လူသားအရင်းအမြစ်ဟူသည် မိမိအကျိုးစီးပွား၊ အများအကျိုးစီးပွား တို့ကို ဆိုင်ရာ ဆိုင်ရာကဏ္ဍမှ နိုင်ရာ နိုင်ရာ တို့ကို သယ်ပိုးထမ်းဆောင်နေကြ သူများဖြစ်၏။ ထို့ထက်ပို၍ တိုင်းပြည်အကျိုးကို စေတနာထက်သန်စွာဖြင့်အားကြိုးမာန်တက် သယ်ပိုးထမ်းဆောင်နေသူများကို ဆိုလိုချင်ပါ၏။ ထိုသို့သယ်ပိုးထမ်းဆောင်မှသာ နိုင်ငံ့သားကောင်းရတနာ ဖြစ်ထိုက်ပါ၏။
ယနေ့ကာလတွင် မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးများကိုပြည့်ပြည့်ဝဝ နှစ်နှစ်ကာကာ သယ်ပိုးထမ်းဆောင်နေသော လူသား အရင်းအမြစ်များ အလိုရှိပါ၏။ နိုင်ငံကို ပြုပြင်ပြောင်းလဲ တည်ဆောက်နေသောကာလ၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေသောကာလတွင် စစ်မှန်သော လူသားအရင်းအမြစ်များ၊ သားကောင်းရတနာများ လိုအပ်နေသည်မှာ အမှန်ဖြစ်ပါသည်။
ထိုကဲ့သို့သော သားကောင်းရတနာများ များများစားစား ပေါ်ထွက်လာရန် ပြုပြင်ပြောင်းလဲဆောင်ရွက်ရသည်မှာ မျှော်မှန်းသလောက်မဖြစ်နိုင်ဘဲ အနာဂတ်နိုင်ငံကို ပခုံးပြောင်းတာဝန်ယူမည့် မျိုးဆက်သစ်လူငယ်၊ ကျောင်းသား ကျောင်းသူများအား ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးခြင်းသည်သာ ပိုမိုထိရောက်သောလုပ်ငန်းစဉ်၊ ရင်းနှီးမြှုပ်နှံမှုဖြစ်နိုင်ပါ၏။ ထို့ကြောင့် ယနေ့ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအား ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးနိုင်ရန်နိုင်ငံတော်က တွန်းအားပေး ဆောင်ရွက်နေသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ]]နိုင်ငံတစ်နိုင်ငံ၏ အဓိကသယံဇာတဆိုသည်မှာ ပြည်သူလူထုဖြစ်ပါကြောင်း၊ မိမိတို့အနာဂတ်အတွက် ကလေးငယ်များသည် မိမိတို့၏ဘဏ်ထဲတွင် စုထား သည့် ငွေကြေးများကဲ့သို့ ဖြစ်ပါကြောင်း၊ အနာဂတ်တွင် အချိန်မရွေး ထုတ်သုံးနိုင်သည့် အင်အားများဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်မိဘ၊ ဆရာများသည် နိုင်ငံတစ်နိုင်ငံလုံးအတွက် သုံးမကုန်သည့်နိုင်ငံတော်ရတနာများဖြစ်စေရန် ဝိုင်းဝန်းကြိုးစားကြရန် မိမိအနေဖြင့်ဆော်ဩပါကြောင်း}} မှာကြားခဲ့သည်။နိုင်ငံ၏သယံဇာတဖြစ်သည့် တန်ဖိုးရှိသော ပြည်သူလူထုဖြစ်လာ စေရန်အတွက် ယနေ့လူငယ်လူရွယ်များကို ယခုကတည်းက ပြုစုပျိုးထောင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုလိုခြင်းဖြစ်သည်။ ကလေးငယ်များကို ပြုစုပျိုးထောင်ခြင်းသည် နိုင်ငံအတွက် ရွှေအိုးမြှုပ်နှံခြင်းပင်ဖြစ်သည်။ ထိုရွှေအိုးများကို များများမြှုပ်နှံနိုင်လေ အနာဂတ်အတွက် ကောင်းလေဖြစ်သည်။ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာ၌ ရွှေအိုးများမြှုပ်နှံထားမှသာ လိုအပ်သည်တို့ကို ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ ထိုရွှေအိုးများဖြစ်သည့်ပြုစုပျိုးထောင်ထားသော ကလေးသူငယ်များသည် နိုင်ငံ၏ ရတနာ၊ နိုင်ငံ၏ အင်အားများသာဖြစ်သည်။ ထိုရတနာများကို မိဘ၊ ဆရာများက အမြော်အမြင်ရှိစွာဖြင့် စနစ်တကျ မြှုပ်နှံပေးရမည်ဖြစ်သည်။ ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပညာဟူသည် မြတ်ရွှေအိုးဆိုသကဲ့သို့ နိုင်ငံတစ်နိုင်ငံလုံးအတွက် သုံး၍မကုန်နိုင်သော နိုင်ငံတော်ရတနာများဖြစ်သည့်ကလေးသူငယ်များကို မိဘ၊ ဆရာနှင့် တာဝန်ရှိသူများက စနစ်တကျပြုစုပျိုးထောင်ပေးနိုင်မှသာလျှင် နိုင်ငံတကာအလယ်တွင် တင့်တယ်ထည်ဝါ သည့် အဖိုးထိုက်တန်သောနိုင်ငံ ဖြစ်လာနိုင်မည်ဖြစ်ရာ ယနေ့မှစ၍ အဖိုးထိုက်တန်သော သားကောင်းရတနာများဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ကြေးမုံ


