နေပြည်တော် ၂၄ ဧပြီ

 

“နိုင်ငံတစ်ဝန်းတီဘီရောဂါဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) (Nationwide TB Prevalence Survey) အသိပေးဆွေးနွေးပွဲ”ကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

 

အသိပေးဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် စတုတ္ထအကြိမ်မြောက် ဆောင်ရွက်ခဲ့သည် နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) ပါတွေ့ရှိချက်များသည် တီဘီရောဂါ တိုက်ဖျက်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) အရ လုပ်ငန်းများဆောင်ရွက်ခဲ့မှု နှင့် အောင်မြင်မှုအခြေအနေတို့ကို လေ့လာဆန်းစစ် သိရှိနိုင်ရန်အတွက်လည်းကောင်း၊ ထပ်မံရေးဆွဲဆောင်ရွက်မည့် တီဘီရောဂါတိုက်ဖျက်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅)နှင့် စီမံချက်များ၊ လုပ်ငန်းစဉ်များအတွက်လည်းကောင်း အထူးအရေးကြီး ပါကြောင်း၊မြန်မာနိုင်ငံတွင်တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာနှစ်စဉ် (၃ ဒသမ ၅ ရာခိုင်နှုန်း ) ခန့် ကျဆင်းလျက်ရှိသော်လည်းမြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှု အများဆုံးသောနိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ပြီး ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း၊

 

အဆိုပါနိုင်ငံ (၃၀) စာရင်းတွင် မပါရှိရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ဘက်ပေါင်းစုံမှ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ကမ္ဘာ့တီဘီရောဂါအစီရင်ခံစာ (၂၀၁၈) အရမြန်မာနိုင်ငံ၌လူဦးရေ (၁)သိန်းတွင် တီဘီရောဂါဖြစ်ပွားသူ(၃၅၈)ဦးနှင့် ရောဂါကြောင့်သေဆုံးသူ (၅၁)ဦးရှိပါကြောင်း။

 

အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံချက်မှ (၂၀၁၈)ခုနှစ်တွင် တီဘီရောဂါလူနာ (၁၃၅၀ဝ၀) ကျော်ကိုကုသမှုပေးခဲ့ရာကုသမှုအောင်မြင်နှုန်းမှာ (၈၇ ရာခိုင်နှုန်း ) ရရှိခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခက်ခဲဒေသ၊လုပ်ငန်းခွင်၊အကျဉ်းထောင်များ စသည်တို့အထိကွင်းဆင်းရောဂါရှာဖွေကုသမှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

 

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကိုဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍ မရဘဲဌာနပေါင်းစုံ၊ INGO/ Local NGO၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများစသည်ဖြင့် အားလုံး စုစည်းဆောင်ရွက်မှသာအောင်မြင်မှုပန်းတိုင်ကိုရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ယခုစစ်တမ်းကို ကျွမ်းကျင်မှုနည်းပညာပိုင်းဆိုင်ရာစနစ်တကျပြုလုပ်ဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ်ဓာတ်မှန်စက်၊ အဆင့်မြင့် GeneXpertစက်များဖြင့် စမ်းသပ်အတည်ပြု ဆောင်ရွက်ခြင်းတို့ကြောင့် တွေ့ရှိချက်များသည် မှန်ကန်ပြီးယုံကြည်စိတ်ချရ ပါကြောင်း၊

 

ယခုစစ်တမ်းတွေ့ရှိချက်များကိုအခြေခံ၍ တီဘီရောဂါတိုက်ဖျက်ရေးမဟာဗျူဟာ (၂၀၂၁-၂၀၂၅) ကိုရေးဆွဲသည့်အခါ လက်တွေ့မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များရေးဆွဲရန်နှင့် လုပ်ငန်း ဆောင်ရွက်အောင်မြင်မှုကိုစဉ်ဆက်မပြတ်ဆန်းစစ်သည့်စနစ်နှင့် အသုံးချသုတေသန လုပ်ငန်းများကိုပါ တစ်ပါတည်းထည့်သွင်းရေးဆွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူမှုရေးဝန်ကြီးများအနေဖြင့်လည်း တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင်ဦးဆောင်နေရာမှ ပိုမိုပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်က နိုင်ငံတစ်ဝန်းတီဘီရောဂါဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) တွေ့ရှိချက်များကို လည်းကောင်း၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံချက်မန်နေဂျာ ဒေါက်တာ ချိုချိုစန်းကစစ်တမ်းကောက်ယူဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ Medical Officer, Dr. Onazaki က စစ်တမ်းတွေ့ရှိမှု ကောက်ချက်များနှင့် (၂၀ဝ၉-၂၀၁၀) ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် စစ်တမ်းနှင့် ယခုစစ်တမ်းတွေ့ရှိချက် များကိုနှိုင်းယှဉ်သုံးသပ်မှုတို့ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

တီဘီရောဂါစစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို (၂၀၁၇)ခုနှစ်၊ အောက်တိုဘာ လမှ(၂၀၁၈)ခုနှစ်၊ စက်တင်ဘာလကုန်အထိဆောင်ရွက်ပြီး စစ်တမ်းအရ တီဘီ ရောဂါဖြစ်ပွားသူများ၏ (၇၃ ရာခိုင်နှုန်း ) မှာအမျိုးသားများ ဖြစ်ကြောင်းတွေ့ရှိရသည်။

 

တီဘီလူနာများ၏ (၅၀ ရာခိုင်နှုန်း) ကျော်မှာအသက် (၅၀)နှစ်နှင့် အထက်တွင် တွေ့ရှိရသည့် အတွက်ပြည်သူလူထုအတွင်းတီဘီရောဂါ ကူးစက်ပြန့်ပွားမှုကိုအတော် အသင့်ထိန်းချုပ်နိုင်ပြီဟုယူဆနိုင်ကြောင်းသိရသည်။

 

(သတင်းစဉ်)