နေပြည်တော်၊ မေ ၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်     ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ကန်တော်မင်္ဂလာ ရှမ်းကန် အဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်    ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား     နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက်    နေပြည်တော်ကောင်စီဥက္ကဋ္ဌ    ဦးတင်ဦးလွင်က ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန်၏ သမိုင်းအကျဉ်းနှင့် ယခုအခါတွင် သဲနုန်းများ များပြားလာပြီး ကန်အဆင့်မြှင့်တင်ရန် လိုအပ်လာသည့်အတွက်  ကန်တော်၏အရှေ့ဘက်ခြမ်းတွင် သဲနုန်းများ တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှု၊ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးမှုများ ဆောင်ရွက်ပြီး ခေတ်မီစက်ယန္တရားများ အသုံးပြု၍ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်လျက်ရှိမှု၊ ကန်တော်တူးဖော်ရာတွင် ထွက်ရှိလာသည့် သဲနုန်းများအား စနစ်တကျဖြင့် ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကန်တော်အတွင်းရှိ မင်္ဂလာရှမ်းကန်ရေလယ်ဘုရားနှင့် ဘုရားကျောင်းဆောင်ကို အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

စနစ်တကျဆောင်ရွက်

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကန်တော်မင်္ဂလာရှမ်းကန်သည် ပျဉ်းမနားမြို့၏ ကျက်သရေဆောင် ကန်တော်တစ်ခုဖြစ်ပြီး အမည်နာမနှင့် လိုက်ဖက်ညီအောင် မင်္ဂလာရှိသည့် ကန်တော်တစ်ခုဖြစ်ရမည်ဖြစ်ကြောင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာ၌ လုပ်ငန်းဆောင်ရွက်မှုအဆင့်အလိုက် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို သာယာလှပမှုရှိစေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားစေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပျဉ်းမနားမြို့ကိုလည်း ယခင်ကထက် သာယာလှပပြီး အဆင့်မီသည့် မြို့တစ်မြို့ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မြို့နေပြည်သူလူထုကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ကန်အဆင့်မြှင့်တင် တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးပါကလည်း ရေပြန်လည် ဖြည့်တင်းသွားမည့် အစီအမံများကို ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း ရေရရှိနိုင်မည့်နေရာများကိုလည်း သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးတွင်းကာလတွင် ရရှိလာသည့်ရေများကို အဟောသိကံ မဖြစ်ရအောင်နှင့် အကျိုးရှိအောင် အသုံးချ နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကန်တော်များအတွင်း ရေများပြည့်နေစေရေးသာမက စိုက်ပျိုးရေများ ပြည့်ဝစွာ ရရှိရေးအတွက်ကိုလည်း စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏ မြို့သန့်ရှင်းသာယာလှပစေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခြင်းမှသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သာယာလှပမှုရှိလာစေရေး ကိုယ်စီကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ကြည့်ရှုစစ်ဆေး

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင် တူးဖော်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကန်တော် မင်္ဂလာရှမ်းကန် ပတ်လမ်းကိုလည်း လမ်းပခုံးများ စနစ်တကျရှိစေရေး၊ အများပြည်သူများ ကိုယ်လက် လှုပ်ရှား အားကစား ပြုလုပ်နိုင်ရေး၊ စိတ်အေးချမ်းသာစွာဖြင့် လမ်းလျှောက်အနားယူခြင်းများ ပြုလုပ် နိုင်ရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း၊ ကန်တော်အတွင်းရှိ ရှင်ဥပဂုတ္တ ကျောင်းဆောင်တော်ကိုလည်း လမ်းပခုံး၏ အထက်သို့ ရောက်ရှိသည်အထိ မြှင့်တင်ရန်နှင့် ပြန်လည်ဒီဇိုင်းရေးဆွဲ၍ ပြုပြင်သွားရန်လိုကြောင်း၊ ကန်၏အလယ် လျှောက်လမ်းကိုလည်း လူအများသွားလာနိုင်သည်အထိ တိုးချဲ့သွားရန်နှင့် ပြန်လည်အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ ကန်ပတ်လည်ရှိ ရေနုတ်မြောင်းများကိုလည်း ပြန်လည်ပြုပြင်သွားရန်လိုကြောင်း၊ လာမည့် ပွင့်လင်းရာသီများတွင် ကျောက်စီမြေထိန်းနံရံအထိ အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ကြိုတင်စီမံသွားရန်လိုကြောင်း၊ သန့်ရှင်းသာယာလှပမှုရှိစေရေး အမြဲမပြတ်ဆောင်ရွက်ရန်နှင့် ကန်ပတ်လမ်းတစ်လျှောက် စိန်ပန်း၊ ပိတောက်၊ ခရေစသည့် သစ်ပင်ကြီးများ၊ ပန်းမန်များကို စိုက်ပျိုး ကာ စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန်လိုကြောင်း၊ သစ်ပင်များ အလင်းဖွင့်ခြင်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်းမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်