ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
နေပြည်တော် နိုဝင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
တက်ရောက်
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြ
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်လျက်ရှိမှု၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွကလျက်ရှိမှုနှင့် ရော်ဘာထုတ်လုပ်မှုများ တိုးတက်စေရေးဆောင်ရွက်လျက်ရှိမှု၊ ရေထွက်ကုန်များ ထုတ်လုပ်လျက်ရှိမှုနှင့် နေလှန်းဆားများထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နေမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် MSME ထုတ်ကုန်များပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်လျက်ရှိမှု၊ ပြည်နယ်အတွင်း ပညာရေးကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များဖြင့် ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက ခရီးသွားလာမှုများပြားသည့် ပြည်နယ်ဖြစ်သည့်အတွက် ဟိုတယ်နှင့် တည်းခိုခန်းများတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စနစ်အသုံးပြု၍ လျှပ်စစ်မီးပေးနိုင်ရေး ရင်းနှီးမတည်ငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေးစေလိုမှု၊ မွန်ပြည်နယ်အတွင်း ခရီးစဉ်ဒေသများစွာဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်ထားရှိသဖြင့် လေကြောင်းခရီးစဉ် တိုးချဲ့ပျံသန်း ပြေးဆွဲပေးစေလိုမှု၊ မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေအတွက် မျိုးသန့်မျိုးပွားမျိုးစေ့ (RS) များ ပံ့ပိုးပေးစေလိုမှု၊ ရော်ဘာစိုက်ပျိုးမှုလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးမွေးမြူ ရေးချေးငွေများ ထပ်မံထုတ်ပေးစေလိုမှု၊ ပြည်နယ်အတွင်း ဆန်စက်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးကူညီပေးစေလိုမှုနှင့် အခြားလိုအပ်သည်များကို ရှင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေး
တင်ပြမှုများနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဟိုတယ်လုပ်ငန်းရှင်များ၏ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ထုတ်ချေးငွေများ ရရှိစေရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ လေကြောင်းခရီးစဉ်တိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ စပါး မျိုးသန့်မျိုးပွားမျိုးစေ့များ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေးထားပြီး ထပ်မံလိုအပ်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ ကျေးရွာချင်းဆက်လမ်းအား အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည့်အခြေအနေနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီများနှင့် ဒုတိယဝန်ကြီးများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပေးထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ထပ်မံ လိုအပ်သည့် ရင်းနှီးမတည်ငွေမျာကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ မျိုးကောင်း မျိုးသန့်များ လုံလောက်စွာရရှိစေရေး တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးလျက်ရှိမှု၊ မွန်ပြည်နယ်အတွင်း မြေနိမ့်ကော်ဖီ (ရိုဘတ် စတာမျိုး) များ စိုက်ပျိုးဖြစ်ထွန်းနိုင်သဖြင့် စိုက်ပျိုးဆောင်ရွက်သွားကြရန်လိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးများဖြစ်စေရေး ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ ရော်ဘာအထွက်နှုန်း ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိမှု၊ လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိမှု၊ မွန်ပြည်နယ်အတွင်း သစ်တောဖုံးလွှမ်းမှုများ လျော့ကျလျက်ရှိမှု၊ ကမ်းရိုးတန်းဒီရေတောများ ပိုမိုတိုးချဲ့ စိုက်ပျိုးပေးနိုင်မှု၊ သစ်တော၊ သစ်ပင်များ ပြုန်းတီးမှုမရှိစေရေး သစ်ပင်သစ်တောများ တိုးချဲ့စိုက်ပျိုးလျက်ရှိမှု၊ မွန်ပြည်နယ်အတွင်း ဝါးများ ပေါကြွယ်ဝစွာ ပေါက်ရောက်သည့်အတွက် ဝါးကိုအခြေခံသည့် ထုတ်ကုန်များကိုထုတ်လုပ်နိုင်မှု၊ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် အခြားသက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
မွန်ပြည်နယ်ရှိ ဒေသခံများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးနှင့် ဒေသစီးပွားရေး ကောင်းမွန်ရေးအတွက် ဆွေးနွေးမှာကြား
ဆက်လက်၍ နိုင်ငံတော်ယာယီ သမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခုတစ်ကြိမ် မော်လမြိုင်ခရီးစဉ်၌ မော်လမြိုင်ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို သိသာစွာမြင်တွေ့ရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ မွန်ပြည်နယ်သည် စီးပွားရေး တိုးတက်ကောင်းမွန်သည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း ပြည်တွင်း ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်သည့် နေရာများစွာရှိကြောင်း၊ ထို့ကြောင့် “အိမ်သာမှ ဧည့်လာမည်” ဆိုသည့်အတိုင်း မိမိတို့ မြို့ရွာ ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများလည်း များစွာရှိသဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်း၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။
မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက် ပြည်သူများလွတ်လပ်စွာ အပန်းဖြေ အနားယူနိုင်ရေးအတွက် လူသွားလမ်းအား အဆင့်မြှင့်တင်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်သည့် နေရာများကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ မော်လမြိုင် လေဆိပ်တိုးချဲ့နိုင်ရေးနှင့် ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် မော်လမြိုင်လေဆိပ်သို့ ဆင်းသက်ပြေးဆွဲလျက်ရှိပြီး ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မီးရထားပို့ဆောင်ရေးကဏ္ဍ မြှင့်တင်နိုင်ရန်အတွက်လည်း ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် အချို့သော အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းတည်ဆောက်ပေးလျက်ရှိသော်လည်း အဖျက်သမားအချို့ကြောင့် တည်ဆောက်ပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ပျက်စီးခဲ့ရမှုများရှိကြောင်း၊ ၎င်းတို့ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် နိုင်ငံတော် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် နှောင့်နှေးနေရကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကိုလည်း ထပ်မံထုတ်ချေးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ထုတ်ချေးပေးထားသည့် ရင်းနှီးမတည်ငွေများကို လည်း သတ်မှတ်ထားသည့် အချိန်ကာလအတွင်း စနစ်တကျ ပြန်လည်ပေးဆပ်ကြရန်လည်းလိုကြောင်း။
မိမိတို့အနေဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် လိုသကဲ့သို့ မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ထိုက်သင့်သည့် ဈေးနှုန်းများဖြစ်စေရေး မိမိတို့အနေဖြင့် စီမံဆောင်ရွက်ပေးထားကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့နည်းလာမည် ဆိုပါက ပြည်တွင်းကုန်ဈေးနှုန်းများလည်း ကျဆင်းလာမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း လိုအပ်သည့် ရောင်းလိုအားနှင့် ဝယ်လိုအားကို တွက်ချက်၍ ကုန်ထုတ်လုပ်မှုများကို စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့်ပိုလျှံသည့် ထုတ်ကုန်များကို အခြားဒေသများနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သဖြင့် ဒေသဝင်ငွေတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ တစ်ဧကအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း ဝမ်းစာဖူလုံမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စပါးစိုက်ပျိုးမှုအပါအဝင် ပန်းတိုင် ရည်မှန်းချက်ပေးထားသည့် သီးနှံများ တစ်ဧကအထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၈ ဘီလီယံခန့် ဆုံးရှုံးနေရကြောင်း၊ ထို့ကြောင့် တစ်ဧက အထွက်နှုန်းများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စပါးတစ်ဧကအထွက်နှုန်းပြည့်မီရေးအတွက် နည်းစနစ် တကျစိုက်ပျိုးရန်လိုပြီး ပင်ကြားတန်းကြားများ ပြည့်မီအောင် စိုက်ပျိုးကြရန်လိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် လေးမျိုးကို စနစ်တကျအသုံးချ၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဆိုပါက တစ်ဧကအထွက်နှုန်းများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။
မွန်ပြည်နယ်နှင့် ပတ်သက်၍ ခရိုင်များအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံပညာအထက် တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့ဖွင့်လှစ်ရာတွင် မွေးမြူရေးပညာရပ်အတွက် တက်ရောက်သည့် ကျောင်းသား ကျောင်းသူ ဦးရေမှာ နည်းပါးလျက်ရှိကြောင်း၊ အဆိုပါ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ဒေသ၏ကုန်ထုတ် လုပ်ငန်းများအတွက် မဖြစ်မနေ လိုအပ်သည့် လူသားအရင်းအမြစ်များကို ရရှိမည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေး၌ အရေးပါသည့် အသား၊ ငါး၊ ဥများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် သက်သာသောဈေးနှုန်းရရှိစေရေး မွေးမြူရေးလုပ်ငန်းသည် အရေးကြီးကြောင်း၊ ဒေသအတွက် လိုအပ်သည့် အသား၊ ငါးနှင့် ဥများကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက အသား၊ ငါးနှင့် ဥများ၏ ဈေးနှုန်းများ တည်ငြိမ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ တိုးချဲ့ဆောင်ရွက်သွားကြရန် လိုသကဲ့သို့ မီးဖိုချောင်သုံးသီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ဒေသမှ ထွက်ရှိသည့် အသား၊ ငါးများကို အေးခဲအသား၊ ငါးများအဖြစ် အဆင့်မြင့် ကုန်ချောထုတ်ကုန်များ ပြုလုပ်ကာ ဈေးကွက်လိုအပ်ချက်ရှိသည့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါကလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
ထိုကဲ့သို့ ကုန်ထုတ်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရေး အထူးအလေးပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားသော်လည်း တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်းမှာ နည်းပါးနေသေးသဖြင့် အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းများ ယခင်ကထက်မြင့်မားလာစေရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်ပညာသင်ယူနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် လိုကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိသာ ကျောင်းတက်ရောက်ခဲ့ရသူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်များတွင် တစ်ဖက်တစ်လမ်းမှ အားဖြည့်ပါဝင်နိုင်ရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
ပညာရေးနှင့် ဆက်စပ်၍ တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာ ကျောင်းများ၌ အားကစားကို အဆင့်မီမီ ဆောင်ရွက်နိုင်ရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာသင်ယူရုံသာမက ကိုယ်လက်လှုပ်ရှား အားကစားကိုလည်း ဆောင်ရွက်မှသာလျှင် ကျန်းမာကြံ့ခိုင်သန်စွမ်းသည့် ပညာတတ် လူသားအရင်းအမြစ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ သင်ကြားရေးတာဝန် ယူထားရသည့် ဆရာ ဆရာမများအနေဖြင့်လည်း မိမိတို့၏ တပည့်သားသမီးများ အမှန်တကယ်စာတတ်မြောက်စေရေး၊ အနာဂတ်ဘဝလမ်းခရီးကို ပညာရပ်များအသုံးချ၍ ပင်ပန်းကြောင့်ကြမှုကင်းစွာ ဖြတ်သန်းသွားနိုင်ရေး အခြေခံအုတ်မြစ်ကောင်းများ ချမှတ်ပေးနိုင်ရမည်ဖြစ်ကြောင်း။
နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှု အားနည်းလာသဖြင့် အချို့သော နယ်စပ်ဂိတ်များကို ပိတ်ထားရကြောင်း၊ အချို့သောဝန်ထမ်းများ၊ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိမှုမရှိသည့်အတွက် ထိခိုက်နစ်နာရလျက်ရှိကြောင်း၊ အလားတူ နယ်စပ်ဒေသများ၌ အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) ကျူးလွန်နေသူများမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အခြေပြု ဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အအုံများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ အမြစ်ပြတ် ချေမှုန်းရှင်းလင်းသွားမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မွန်ပြည်နယ်အတွင်း ငရုတ်ကောင်းစိုက်ပျိုးမှုကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသနှင့် နိုင်ငံ၏ စီးပွားရေးပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ကော်ဖီနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် ကုန်းမြင့်ကော်ဖီများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသကဲ့သို့ မြေနိမ့်ကော်ဖီဖြစ်သည့် (ရိုဘက်စတာမျိုး) များ စိုက်ပျိုးဖြစ်ထွန်းသည်ကိုတွေ့ရကြောင်း၊ မွန်ပြည်နယ်တွင် စိုက်ပျိုးထားရှိပြီးဖြစ်သည့် ရော်ဘာ၊ မင်းဂွတ်၊ ဒူးရင်းစသည့် နှစ်ရှည်ပင်များအတွင်း မြေနိမ့်ကော်ဖီကို သီးညှပ်စိုက်ပျိုးသွားမည်ဆိုပါက ဝင်ငွေများစွာတိုးတက် ဖြစ်ထွန်းလာစေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သုံးရေရရှိစေရေးအတွက်လည်း မြစ်ရေတင် စီမံကိန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်စေရေး ဖြစ်သင့်ဖြစ်ထိုက်သည့် နည်းလမ်းများနှင့် အကြံပြုချက်များ၊ လမ်းညွှန်ချက်များပေးခဲ့ပြီး ဖြည့်ဆည်းပေးရန် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်း၏ အသီးအပွင့်များကို အမှန်တကယ် အကျိုးခံစားရမည်မှာ ၎င်းဒေသတွင် နေထိုင်သည့် ဒေသခံများပင်ဖြစ်ကြောင်း၊ လူတစ်ဦးစီ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့စီးပွားရေးအားသည်လည်း ကောင်းလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်အနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) မှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်အစိုးရအဖွဲ့ အားကစားနှင့် ကာယပညာဦးစီးဌာန ရာမညအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမတွင် ပြည်နယ် လူမှုရေးရာဝန်ကြီးက ရာမညအားကစားကွင်း တည်ဆောက်ထားရှိမှု အခြေအနေ၊ ပြည်နယ် ကျောင်းသားအားကစားကွင်း တည်ဆောက်ထားရှိမှု အခြေအနေ၊ လူငယ်စင်တာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပြည်နယ်အားကစားဥယျာဉ် တည်ဆောက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက သိရှိလိုသည်များကို ပြန်လည်မေးမြန်းပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နောင်တွင်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေအရပ်ရပ်ကိုပါ ထည့်သွင်းတွက်ချက်၍ ရေရှည်အကျိုးဖြစ်စေသည့် ဆောင်ရွက်မှုများဖြစ်ရန်လိုကြောင်း၊ အားကစားကွင်းများသည် အဆင့်မီရမည်ဖြစ်ပြီး အားကစားသမားများအနေဖြင့် အဆင့်အတန်းရှိစွာဖြင့် ကစားနိုင်သည့် အနေအထားဖြစ်ရန်လိုသကဲ့သို့ ပွဲကြည့်ပရိသတ်များအနေဖြင့် ပြည်နယ်အဆင့်နှင့်လျော်ညီစွာ ကြည့်ရှုအားပေးနိုင်ရမည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ရာမညအားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မော်လမြိုင် ပညာရေးဒီဂရီကောလိပ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


