နေပြည်တော် အောက်တိုဘာ ၁၇

 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ကရင်အမျိုးသားအစည်းအရုံး - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်၊ NCA တွင် ပါဝင်လက်မှတ်ရေးထိုးသူ ဦးခွန်ဥက္ကာနှင့် ဦးမျိုးဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

 

နှုတ်ခွန်းဆက်စကားပြောကြား

ထိုသို့တွေ့ဆုံရာတွင် ဦးစွာနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ပေးကြသည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ အားလုံးကို နိုင်ငံတော်နှင့်တပ်မတော်မှ ဝမ်းမြောက်စွာဖြင့် ကြိုဆိုပါကြောင်း၊ NCA နှစ်ပတ်လည် အခမ်းအနားတွင် မိမိအနေဖြင့် လိုအပ်သည်များကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ NCA သည် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေး၍ တိုင်းရင်းသားများ၏ တောင်းဆိုချက်များအပေါ်မူတည်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ NCA ကို အပြည့်အ ဝအကောင်အထည်ဖော်ရန်အတွက် ယခင်ကတည်းက ဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက်ချိန်တွင် အချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် တပ်မတော်မှ နိုင်ငံတော်တာဝန် ထမ်းဆောင်နေခြင်း ဖြစ်သည့်အတွက် ဆက်လက်ဆွေးနွေးဆောင်ရွက်မှုမရှိ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မိမိတို့အနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း။ ကြားကာလများတွင် မိမိနှင့်သော်လည်းကောင်း၊ မိမိ၏ ကိုယ်စားလှယ် အဖွဲ့များနှင့်သော်လည်းကောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ မိမိအနေဖြင့်လည်း သဘောတူညီပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ခေတ်ကာလအရ ပြင်ဆင်ရန် လိုအပ်သည်များရှိသည်ကို မိမိအနေဖြင့် သဘောပေါက်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေပြင်ဆင်နိုင်ရေးအတွက် ကြိုတင်ဆွေးနွေးသကဲ့သို့ လွှတ်တော်တွင် အတည်ပြု ပြင်ဆင်နိုင်ရန်လိုကြောင်း၊ NCA ကို အရှိန်ပြန်ရလာအောင် လာရောက်ပြီး ပူးပေါင်း ဆောင်ရွက်ပေးသည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံကောင်းအောင်အားလုံးက ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ရင်းရင်းနှီးနှီး ဆွေးနွေးတင်ပြ

ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် အဖွဲ့များက NCA လက်မှတ်ရေးထိုးထားသည့်သူများဖြစ်သည်နှင့်အညီ NCA လမ်းကြောင်းအတိုင်း နိုင်ငံအတွင်းငြိမ်းချမ်းရေးရရှိရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ NCA လမ်းကြောင်းပေါ်၌ နိုင်ငံတော်နှင့်တပ်မတော်၏ ဦးဆောင်မှုဖြင့် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းသွားမည့် အခြေအနေများ၊ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်သဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အဘက်ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြမည့်အခြေအနေများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဆက်လက်ပါဝင် တက်ရောက်သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီး ထွက်ပေါ်လာသည့် အစိုးရနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ဆက်လက်ပါဝင် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင် NCA ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ရွေးချယ်ခံအစိုးရ၊ လွှတ်တော်ရှိရန်လိုကြောင်း၊ မူလစတင်လက်မှတ်ရေးထိုးစဉ်ကတည်းက လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း၊ NCA တွင် ပါဝင်ခဲ့ကြသည့်အဖွဲ့အစည်းများ အားလုံးပါဝင်ရန် လိုကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင်လည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးနှင့် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသကဲ့သို့ မဲမသမာမှုများ ဆောင်ရွက်၍ မရနိုင်သည့် မြန်မာ အီလက်ထရောနစ် မဲပေးစနစ် (MEVM) များဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ ပြီး NCA ကို ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့်အတွက် လက်ရှိအချိန်တွင် အခိုင်မာဆုံးဖြစ်ကြောင်း၊ အခြေခံ ဥပဒေအား ပြင်ဆင်၍ရသည်များကို ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန် လိုကြောင်း၊ ဖက်ဒရယ်စနစ်တွင်လည်း အလားတူပင် ဖြစ်ကြောင်း၊ ကွဲပြားခြားနားမှုများ ရှိသော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် ကာလတွင် ပြည်သူများအနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်း နိုင်ရေး တောင်းဆိုခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း တိုင်းရင်းသားများ၏ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိ၏ NCA နှစ်ပတ်လည်နေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည့်အတိုင်း အားလုံးက ဖြစ်ချင်တာထက် ဖြစ်နိုင်တာ၊ ဖြစ်သင့်တာကို ပိုမိုဦးစားပေးပြီး ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းပြည် ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်အနေဖြင့် အလေးထားစောင့်ထိန်း လိုက်နာသွားမည်ဖြစ်ကြောင်း၊ လူအနည်းစု၏ သဘောထားကို အလေးထားရမည်ဖြစ်သော်လည်း လူအများစု၏ဆန္ဒကိုလည်း အားလုံးက လေးစား လိုက်နာရမည် ဖြစ်ကြောင်း၊ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည် ဖြစ်နိုင်သည်များကို ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အကျိုးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်မှ စတင်၍ ယနေ့အချိန်အထိ လွတ်လပ်ရေး၏ အသီး အပွင့်ကို မခံစားရသေးကြောင်း၊ မိမိတို့နိုင်ငံနှင့် အကျယ်အဝန်းအရ၊ လူဦးရေအရ၊ စီးပွားရေးအခြေခံ အရ တူညီသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျကျန်နေကြောင်း၊ ထို့ကြောင့် အားလုံးက တိုင်းပြည်ကောင်းအောင် ဆက်လက်ဆောင်ရွက်သွား ကြရန်လိုကြောင်း ပြောကြားသည်။

 

အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်