နေပြည်တော် ဇူလိုင် ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသ တစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေး ထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်း များကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် နားလည်သဘောပေါက်လာကြကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင် ရောက်လျက်ရှိရာ ဇူလိုင် ၁၇ ရက် တွင် TNLA ၊ DPLA နှင့် MDY-PDF အဖွဲ့ဝင် စုစုပေါင်း ၁၄ ဦး၊ ဇူလိုင် ၁၈ ရက်တွင် DPLA နှင့် MDY-PDF အဖွဲ့ဝင် ၁၅ ဦး ပြန်လည်ဝင် ရောက်လာခဲ့ကြောင်း သိရှိရသည်။
ယနေ့တွင်လည်း DPLA အဖွဲ့ မှ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၂ ဦးတို့သည် Type-81 အမျိုးအစား သေနတ် ၁၂ လက်၊ ၎င်းကျည် ၁၅၁၅ တောင့်၊ ကျည်အိမ် ၂၁ ခု၊ MA-1 အမျိုး အစား သေနတ် ၁ လက်တို့နှင့် အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာခဲ့သည်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြားချက်များအရ အများစုသည် ရိုးသားစွာ တောင်ယာလုပ်ငန်း လုပ်ကိုင်နေကြသူများဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီး၍ လူသစ်စုဆောင်းခံရသူများဖြစ်ပြီး သီပေါမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာ မန်လွယ် ကျေးရွာအနီးတွင် သင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်ပြီးသည့်အခါ နယ်မြေအလိုက် အခြေပြုလှုပ်ရှားသည့် ကျေးရွာများ၊ တောတွင်းစခန်းများတွင် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် လူ့အခွင့်အရေးများ ဆုံးရှုံးကာ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီး အဓမ္မ စေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရကြောင်း၊ ၎င်းတို့အဖွဲ့များအတွင်း၌ ပင် အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိတော့သည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုသဖြင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင် ရောက်ရန်အတွက် နောင်ချိုမြို့ နယ်၊ ဆရာအေးကုန်းကျေးရွာ၊ ထိုမှတစ်ဆင့် ကျောက်တောကျေးရွာ၊ ၎င်းမှတစ်ဆင့် လယ်ကြီးတော ကျေးရွာ၊ အင်းဝိုင်းကျေးရွာများသို့ အဆင့်ဆင့် ထွက်ခွာလာခဲ့ပြီး ညောင်ထောက်ကျေးရွာသို့ ရောက် ရှိစဉ် အဆိုပါကျေးရွာအနီး လုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ သတင်းပို့ကာ ယခုကဲ့သို့ ပြန် လည် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် တပ်နယ်၌ ပြုလုပ်ရာ တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများ နှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသည့် DPLA အဖွဲ့ဝင်များက ၎င်းတို့နှင့်အတူ ယူဆောင်လာသည့် Type-81 အမျိုးအစား သေနတ် ၁၂ လက်၊ ၎င်းကျည် ၁၅၁၅ တောင့်၊ ကျည် အိမ် ၂၁ ခု၊ MA-1 အမျိုးအစား သေနတ် ၁ လက် တို့ကိုအပ်နှံရာ တာဝန်ရှိသူများက လက်ခံရယူကြ ပြီး သေနတ် ၁၃ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၆၅၀ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။ ထို့နောက် အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံကြသည်။
ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လိုအပ်သည့်ကူညီ ပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည် လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်း များနှင့် ရဲစခန်းများသို့ အမြန် ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အလင်းဝင်ရောက် လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
ကျွန်တော် DPLA ကို ရောက်ရှိလာရတဲ့ အဓိကအကြောင်းရင်းကတော့ သူတို့အဖွဲ့ကနေပြီးတော့ တစ်အိမ်တစ်ယောက် မဖြစ်မနေမဝင်မနေရဆိုပြီး အတင်းအဓမ္မစုဆောင်းခံရလို့ ကျွန်တော်တို့ ရောက်ရှိလာရခြင်း ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲ မဝင်လို့ရှိရင် မိသားစုတွေကို သတ်ဖြတ်မယ်။ ကျွန်တော်တို့ ဆွေမျိုးတွေကို ဒုက္ခပေးမယ်ဆိုပြီး ခြိမ်းခြောက်လို့ ဝင်ရောက်လာရတာ ဖြစ်ပါတယ်။ ပလောင် တွေအနေနဲ့ ကျွန်တော်တို့ လူမျိုးရေးခွဲခြားဆက်ဆံခံရတာကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီသင်တန်းအတွင်းမှာလည်း အစားအသောက်တွေ၊ အနေအထိုင်တွေကိုလည်း ဆင်းဆင်းရဲရဲနဲ့ နေထိုင်စားသောက်ခဲ့ရတယ်။ ဒီသင်တန်းပြီးလို့ ရှေ့တန်းကိုပို့တဲ့အခါမှာလည်း ကျွန်တော်တို့ကို ရှေ့ကနေ တိုက်ခိုင်းတယ်။ သူတို့က နောက်မှာပဲနေတယ်။ ကျွန်တော်တို့က ဆုတ်ခွာလာခဲ့ရင် တောင် သူတို့က ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ လက်နက်အားမမျှလို့ ဆုတ်တဲ့အခါမှာလည်း တကယ်တမ်း ပစ်သတ်ခဲ့တာတွေကို ကျွန်တော်တို့ မျက်မြင်ကြုံတွေ့ ခဲ့ရတယ်။ တပ်မတော် ကနေပြီးတော့ အင်အားအလုံးအရင်းနဲ့ တိုးလာတဲ့အခါမှာ စိတ်ဓာတ်အလွန်ကျတယ်။ အဲဒါကြောင့် ကိုယ့်အသက်ကို မသေအောင်ဆိုပြီးတော့ ပုန်းအောင်းပြီးတော့လည်းနေတယ်။ နေရတာလည်း နေရခက်တယ်။ အခုအချိန်မှာဆိုရင် လူအင်အား၊ လက်နက်အားမမျှတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ လူကြီးတွေကို တပ်မတော်သားတွေ အများကြီးသတ်ဖြတ်ခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ လိမ်ညာပြီး တင်ပြခဲ့တာလည်း ရှိခဲ့တယ်။ နောင်ချိုကျရင် ကျွန်တော်တို့ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဒီ တပ်မတော်ထဲကို ဝင်ရောက်ပြီးတော့ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်သားတွေကို သူတို့အဖွဲ့ထဲသို့ အလင်း ဝင်မယ်ဆိုရင် ငွေကြေးတွေလည်း ထောက်ပံ့ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ တကယ်တမ်း လက်တွေ့ မှာကြတော့ လက်နက်တွေယူပြီးတော့ လူတွေကို ညှဉ်းပန်းနှိပ်စက်တာတွေလည်း တွေ့ခဲ့တယ်။ ကျွန်တော်တို့ မြန်မာ့တပ်မတော်ထဲကို အလင်းဝင်လာတဲ့အခါမှာ မညှဉ်းပန်း မနှိပ်စက်ဘဲနဲ့ နွေးနွေး ထွေးထွေး ကြိုဆိုတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ တိုက်ပွဲတွေ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ပြည်သူတွေရဲ့ ပစ္စည်းတွေ အများအပြားပျက်စီးဆုံးရှုံးခဲ့ရတာတွေရှိခဲ့တယ်။ စိုက်ပျိုးသီးနှံတွေ ပျက်စီးခဲ့တာတွေ လည်းရှိခဲ့တယ်။ အဲဒီအတွက်လည်း ပြည်သူလူထုကို ကျွန်တော့်အနေ နဲ့ ဒီနေရာကပဲ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ တောင်ခမ်းနဲ့ နောင်ချိုကြားမှာရှိတဲ့ ပြည်သူတွေအိမ် ခေတ္တခဏဝင်နေတဲ့အချိန်မှာ သူတို့တွေက ပြည်သူပစ္စည်းတွေကို လုယက်တာတွေ၊ မတရားယူတာတွေကို တွေ့ခဲ့ရတယ်။ ကျွန်တော့်အနေနဲ့ ဒီအဖွဲ့ရဲ့လုပ်ရပ်တွေကို တဖြည်းဖြည်းနဲ့ ရွံရှာစက်ဆုပ်မိပါတယ်။ အဲဒါကြောင့် ဒီအဖွဲ့ကနေ ထွက်ပြီးတော့ မြန်မာ့တပ်မတော်ထဲကို အလင်းဝင်လာရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ရောက်လာတာ နောက်ကျတဲ့အတွက် နောင်တရမိပါတယ်။
သတင်းစဉ်


