နေပြည်တော် ဇူလိုင် ၂၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါ အဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကို လည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

 

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်း ဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆို ထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေး ထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာ ခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် နားလည်သဘောပေါက်လာကြကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက် ရှိသည်။

 

ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိရာ ယနေ့တွင်လည်း DPLA အဖွဲ့ဝင် ၁၉ ဦး တို့သည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင် လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်ပြီး နီးစပ်ရာတပ်မတော်စခန်း များမှတစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ထပ်မံ ဝင်ရောက်လာခဲ့သည်။

 

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြားချက်များအရ အများစုသည် ရိုးသားစွာ တောင်ယာလုပ်ငန်းလုပ်ကိုင်နေကြသူများဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီး၍ လူသစ်စုဆောင်း ခံရသူများဖြစ်ပြီး သီပေါမြို့၏အနောက်ဘက် ၁၀မိုင်ခန့်အကွာ မန်လွယ်ကျေးရွာအနီးတွင် သင်တန်း တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းသည့်အခါ နယ်မြေအလိုက် အခြေပြုလှုပ်ရှားသည့် ကျေးရွာ များ၊ တောတွင်းစခန်းများတွင် အနေဆင်းရဲ၊ အစား ဆင်းရဲဖြင့် လူ့အခွင့်အရေးများဆုံးရှုံးကာ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီးအဓမ္မစေခိုင်း ချက်အရ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင် ခြင်းမရှိတော့သည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်း စွာနေထိုင်လိုသဖြင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်းဝင်ရောက်ရန် အတွက် အင်ကြင်းကုန်းကျေးရွာမှတစ်ဆင့် သုံးဆယ် ကျေးရွာ၊ ထိုမှတစ်ဆင့် လွယ်ခွန်ကျေးရွာ၊ ၎င်းမှ တစ်ဆင့် ဇီးဖြူပင်ကျေးရွာလမ်းကြောင်းအတိုင်း ထွက်ခွာလာခဲ့ပြီး နောင်ချိုမြို့နယ် ယင်းငူပင်ကျေးရွာ အနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ သတင်းပို့ကာ ယခု ကဲ့သို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံအဖွဲ့ဝင်များဥပဒေဘောင်အတွင်း ဝင်ရောက် လာမှုအနေဖြင့် ဇူလိုင် ၁၇ ရက်မှ ယနေ့အထိ TNLA အဖွဲ့ဝင် လေးဦး၊ MDY-PDF အဖွဲ့ဝင် ၁၅ ဦးနှင့် DPLA အဖွဲ့ဝင် ၄၁ ဦး ဖြစ်ပြီး လက်နက်မျိုးစုံ ၁၃ လက် နှင့် ကျည်မျိုးစုံ ၁၅၁၅တောင့်၊ ကျည်အိမ် ၁၂ ခုနှင့် အတူ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ထို့ပြင် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရသည့်အတွက် ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်