နေပြည်တော် ဇူလိုင် ၂၉

 

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများကို အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာ နယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇူလိုင် ၁၇ ရက်မှ ၂၈ ရက်အထိ TNLA အဖွဲ့ဝင် လေးဦး ၊ DPLA အဖွဲ့ဝင် ၄၁ ဦးနှင့် MDY-PDF အဖွဲ့ဝင် ၅၂ ဦး စုစုပေါင်း ၉၇ ဦးတို့သည် လက်နက်မျိုးစုံ ၁၃ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။

 

စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံ

 

ယနေ့တွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ DPLA အဖွဲ့ဝင် အမျိုးသားလေးဦး၊ အမျိုးသမီးနှစ်ဦး၊ MDY-PDF အဖွဲ့မှ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ ရွာငံ PDF အဖွဲ့မှ အမျိုးသား သုံးဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ၂၁ ဦးတို့သည် Zoraki အမျိုးအစား ပစ္စတိုတစ်လက်နှင့်အတူ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံလာခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့အား တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး ချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံပေးခဲ့သည်။

 

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ပြောကြားချက်များအရ ယင်းတို့သည် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်သူများဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အဖွဲ့သို့ မဝင်ရောက်ပါက မိဘဆွေမျိုးများဖြင့် အကျပ်ကိုင်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကို ခံခဲ့ရကြောင်း၊ ထို့ပြင် တောတွင်း၌ ပင်ပန်းကြမ်းတမ်းစွာဖြင့် အနေဆင်းရဲ၊ အစားဆင်းရဲနေထိုင်ခဲ့ရကြောင်း၊ ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့် အထက်အောက် အနိုင်ကျင့်ဗိုလ်ကျ လူမျိုးရေးခွဲခြား ဆက်ဆံခံရခြင်း၊ အဆင့်အတန်းခွဲခြားဆက်ဆံခံရခြင်းများရှိကြောင်း၊ တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation) များ ဆင်နွှဲမှုတွင် အကျအဆုံးများပြားလာသဖြင့် ခုခံနိုင်ခြင်းမရှိတော့၍ ဆက်လက်တိုက်ခိုက်လိုခြင်းမရှိခြင်းကြောင့် အသက်ရှင်သန်ရေးအတွက် အခက်အခဲဒုက္ခမျိုးစုံကြားမှ ထွက်ပြေးတိမ်းရှောင်နေရခြင်းများကြောင့် စိတ်ဓာတ်များ ကျဆင်းလာခြင်း၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်များသည် အပြစ်မဲ့ပြည်သူများအတွက် လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာသည်ကို သိရှိနားလည်လာခြင်း၊ မိသားစုများနှင့်အတူ ယခင်ကဲ့သို့ နွေးနွေးထွေးထွေး ပြန်လည်နေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ၎င်းတို့ အဖွဲ့အတွင်းမှ ပြန်လည်စွန့်ခွာလာပြီး နီးစပ်ရာတပ်မတော်စခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား နွေးထွေးစွာ ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

 

၁။ အမျိုးသား

 

ကျွန်တော်ကတော့ DPLF/DPLA အကြမ်းဖက် အဖွဲ့အစည်းကနေပြီးတော့ အလင်းဝင်ရောက်လာ တဲ့သူဖြစ်ပါတယ်။ ကျွန်တော် ဒီအကြမ်းဖက်အဖွဲ့အစည်းကို မဝင်ရောက်ခင်အချိန်မှာ ဆန္ဒပြပွဲတွေမှာ စိတ်ပါဝင်စားမှုမရှိခဲ့ပေမယ့် လူငယ်တစ်ယောက်ပီပီ Social Network သုံးစွဲတာတွေနဲ့ အဲဒီအထဲကို ကြိုတင်ရောက်နှင့်ပြီးသား သူငယ်ချင်းတစ်ယောက်ရဲ့ ဆွဲဆောင်မှုကြောင့် အဲဒီအကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော် အဲဒီ အကြမ်းဖက်အဖွဲ့အစည်းကို ကျောက်မဲမြို့ ခွန်ကော်ကျေးရွာမှာ သင်တန်းသုံးလတက်ပြီးတာနဲ့ ကျွန်တော်က (၁၀) တန်းအောင်မြင်ထားတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် KIA/ KPDF/ NUG က ဦးစီးဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းကို သုံးလတက်ရောက်ခဲ့ရပါတယ်။ အဲဒီသုံးလ တက်ရောက်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ နောင်ချိုမြို့ ပါဟက်ရပ်ကွက်ထဲမှာ ဒီအကြမ်းဖက်အဖွဲ့ထဲက ထိခိုက်ဒဏ်ရာရရှိလာတဲ့သူတွေကို ကုသပေးနေတဲ့ CDM ဆေးဆရာဝန်နဲ့အတူ ကျွန်တော် ဆေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။ ဆေးမှူးတာဝန်ကိုပဲ ထမ်းဆောင်ရတာဖြစ်တဲ့အတွက် အခွန်ငွေကောက်ခံတဲ့ကိစ္စတွေ၊ တချို့သောကိစ္စတွေကို ကျွန်တော်သေချာမသိပါဘူး။ အတင်းအဓမ္မ လူသစ်စုဆောင်းတဲ့ ကိစ္စတွေကိုတော့ ကျွန်တော်တချို့သိခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ လူသစ်စုဆောင်းလာတဲ့အထဲမှာ လူသစ်စုဆောင်းလာတဲ့လူတွေကို နေရာထားတာမလုံလောက်လို့ ကျွန်တော့်ဆေးခန်းမှာ လာထားတဲ့အတွက် ကျွန်တော်သိခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလူသစ်စုဆောင်းတဲ့ အချိန်မှာလည်း ရွာတွေကိုဝိုင်းပြီး ကျည်တွေဖောက်ပြီးတော့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း လူသစ်ဆွဲတာတွေ ဖြစ်တယ်။ ရှေ့တန်းစစ်မျက်နှာပြင်မှာဆိုရင်လည်း ဒီအကြမ်းဖက်အဖွဲ့အစည်းမှာ အထက်လူကြီးတွေက အောက်လက်ငယ်သားတွေကို အနိုင်ကျင့်တာတွေ၊ သူတို့ကျတော့ အဆင်ပြေပြေနေပြီးတော့ အောက်ကလူတွေကို အတင်းတိုက်ခိုင်းတာတွေ၊ ခံစစ်မှာဆိုရင်လည်း အတင်းခံစစ်ပြင်ခိုင်းတာတွေရှိတယ်။ အဲဒီလိုမျိုးတွေလည်း ကျွန်တော့်ဆီရောက်လာတဲ့ ထိခိုက်ဒဏ်ရာရလာတဲ့သူတွေဆီကတစ်ဆင့် ကျွန်တော်ပြန်ကြားရတာဖြစ်တယ်။ သူတို့ရဲ့ ဖိအားပေးမှုတွေကြောင့် တချို့ ကျွန်တော်တို့ ဒီတောထဲဝင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းက သူငယ်ချင်းတွေလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာတွေလည်း အများကြီးရှိတယ်။ အဲဒီလိုကိစ္စတွေကြားတဲ့အတွက် ကျွန်တော်က အလင်းဝင်ရောက်ဖို့စဉ်းစားတယ်။ ဒါပေမဲ့ အလင်းဝင်ရောက်ဖို့လုပ်တဲ့ အချိန်မှာလည်း သံသယတော့ရှိမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ ဝါဒဖြန့်ထားတာက တပ်မတော်ဘက်က ကျွန်တော်တို့ အလင်းဝင်ရောက်တဲ့သူတွေကို ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်၊ သတ်ဖြတ်တယ်၊ ထောင်ချတယ်ဆိုပြီးတော့ ဝါဒဖြန့်ထားတယ်။ အဲဒီအတွက် စိုးရိမ်မှုတော့ရှိတယ်။ ဒါပေမဲ့ ဟိုမှာနေပြီးတော့ အလကားသေမယ့်အစားတော့ ကျွန်တော်ဒီဘက်ကိုပဲ အလင်းဝင်ရောက်လိုက်မယ်ဆိုပြီးတော့ပဲ ဆုံးဖြတ်လိုက်တယ်။ အဓိကအလင်းဝင်ရတဲ့ အကြောင်းရင်းက DPLA အကြမ်းဖက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေကျတော့ ဓနုအမျိုးသား လွတ်မြောက်ရေးတပ်မတော်လို့ ထောင်ပြီးတော့ ဓနုပြည်သူတွေကို အဓမ္မဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ၊ ပြီးတော့ အသက်မပြည့်သေးတဲ့သူတွေပါပါတယ်။ သူတို့တွေကိုပါ လူသစ်စုဆောင်းတာတွေရှိတယ်။ ပြီးတော့ အောက်လက်ငယ်သားတွေကိုလည်း အနိုင်ကျင့်ဖိနှိပ်တာတွေ၊ အရာရှိပိုင်းတွေပဲ အဆင်ပြေနေတာမျိုးတွေပဲ မြင်နေရတဲ့အတွက် ကျွန်တော် အလင်းဝင်ရခြင်းဖြစ်ပါတယ်။ အခုလိုမျိုး ကျွန်တော်အလင်းဝင်ရောက်ပြီးတော့ မိသားစုနဲ့ အတူတူ ပြန်လည်နေထိုင်တဲ့အချိန်မှာ ဒီတောထဲမှာ အတူတူသင်တန်းတက်ရောက်ဖူးတဲ့သူတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အကုန်လုံးကိုလည်း မိသားစုနဲ့ နွေးနွေးထွေးထွေးပြန်နေဖို့ တိုက်တွန်းချင်ပါတယ်။ တပ်မတော်ကလည်း  နွေးနွေးထွေးထွေးကြိုဆိုနေပါတယ်။ အလင်းဝင်ရောက်တဲ့အချိန်မှာလည်း ကျွန်တော်တို့ကို ဟိုဘက်ကဝါဒဖြန့်ထားတာနဲ့ တခြားစီပဲဗျ။ ဘယ်လိုခေါ်မလဲဆိုတော့ နွေးနွေးထွေးထွေး မိသားစုလိုမျိုး၊ ညီအစ်ကိုမောင်နှမလိုမျိုး ဆက်ဆံတယ်၊ ပြောဆိုတယ်၊ နေထိုင်ရတယ်။ အဲဒီအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အလင်းဝင်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဟိုဘက်မှာနေထိုင်ပြီးတော့ တောထဲမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေ၊ အတင်းအဓမ္မ စုဆောင်းခံရတဲ့လူငယ်တွေ၊ လမ်းမှားနေတဲ့လူငယ်တွေ အကုန်လုံးကို တပ်မတော်ဘက်က နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ်လို့ ပြောချင်ပါတယ်။

 

၂။ အမျိုးသား

 

ကျွန်တော်ကတော့ ဖယ်ခုံ PDF အကြမ်းဖက်ပျားစစ်ကြောင်းမှ အလင်းဝင်ရောက်လာသူဖြစ်ပါတယ်။ ကျွန်တော်အကြမ်းဖက်အဖွဲ့ထဲကို မဝင်ရောက်လာခင်မှာ ပင်လောင်းမြို့နယ်မှာ မိသားစုနှင့်အတူ နေထိုင်ပြီး တောင်ယာလုပ်ကိုင်နေပါတယ်။ အဲဒီလိုနေရင်းနဲ့ ပအိုဝ်းရွာမှာနေတဲ့ ကျွန်တော့်သူငယ်ချင်းက သူတို့အဖွဲ့အစည်းထဲဝင်ဖို့ လာခေါ်တဲ့အချိန်မှာ ကျွန်တော့်အိမ်နဲ့ အဆင်မပြေဖြစ်နေတာကြောင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော် အကြမ်းဖက်သင်တန်းသုံးလကို ဖယ်ခုံမြို့နယ် ဆင်ဖြူကျေးရွာ စာသင်ကျောင်း ကျောင်းဝင်းထဲမှာတက်ရောက်ကာ ဆင်ဖြူကျေးရွာစာသင်ကျောင်းဝင်းထဲမှာပဲ အခြေချပြီးတော့ ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းရပ်ရွာတွေမှာ ဆက်လက်လှုပ်ရှားပြီးတော့ အကြမ်းဖက်ဝင် တပ်သားတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ အကြမ်းဖက်ခေါင်းဆောင်ပိုင်းတွေမှာ ကယန်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီးတော့ တချို့လက်အောက်ငယ်သားတွေမှာ ဗုဒ္ဓဘာသာ ဗမာ၊ ပအိုဝ်းလူမျိုးတွေ ပါဝင်ခဲ့ပေမယ့် ဘာသာရေးအရ ခွဲခြားဆက်ဆံတာတွေ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံတာတွေအပြင် တပ်မတော်နဲ့ တိုက်ခိုက်ရတဲ့ အချိန်တွေမှာလည်း ဗမာ၊ ပအိုဝ်းလူမျိုးတွေကို ရှေ့တန်းကျကျ တိုက်ခိုက်ခိုင်းပြီးတော့ သူတို့ကယန်းလူမျိုးတွေကို ပိုပြီးအရေးပေးဆက်ဆံတာကို တွေ့ရပါတယ်။ ကျွန်တော် အကြမ်းဖက်အဖွဲ့ဝင်ထဲကို ဝင်တာကြာလာတဲ့အချိန်မှာတော့ ခေါင်းဆောင်ပိုင်းတွေရဲ့လုပ်ရပ်တွေကို သိမြင်လာတဲ့အခါမှာ မိသားစုနဲ့ပဲပြန်လည်နေထိုင်ဖို့ ကျွန်တော်စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အရင်ကကျွန်တော်ကြားသိထားတဲ့ တပ်မတော်ထံ အလင်းဝင်သွားတဲ့သူတွေကို တပ်မတော်က ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ ထောင်ချမှုစတဲ့ ဝါဒဖြန့်တာတွေကြောင့် ကျွန်တော် အလင်းဝင်ရောက်ဖို့ အဆင်ပြေပါ့မလားလို့ စိုးရိမ်စိတ်ဖြစ်မိပါတယ်။ ကျွန်တော် အဓိက အလင်းဝင်ရတဲ့အကြောင်းရင်းကတော့ ကျွန်တော်အကြမ်းဖက်အဖွဲ့ထဲ ဝင်ရောက်လာတဲ့အချိန်က အိမ်နဲ့အဆင်မပြေတာကြောင့် သူငယ်ချင်းခေါ်လို့ လိုက်ခဲ့တာဖြစ်ပါတယ်။

အမှန်တကယ် လက်နက်ကိုင်တိုက်ခိုက်ရေးလုပ်ငန်းတွေ လုပ်တဲ့အချိန်မှာတော့ အဖွဲ့ဝင်မှ ခေါင်းဆောင်ပိုင်းတွေက ဘာသာရေးအရ ခွဲခြားဆက်ဆံတာတွေ၊ လူမျိုးရေးအရ နှိမ့်ချဆက်ဆံတာတွေအပြင် တိုက်ပွဲမှာလည်း ကျွန်တော်တို့ပအိုဝ်းလူမျိုးတွေကိုပဲ ပြန်တိုက်နေရတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လုပ်ဆောင်ချင်စိတ်မရှိတော့ဘဲ အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တပ်မတော်နဲ့ချိတ်ဆက်ပြီး အမှန်တကယ် ဝင်ရောက်တဲ့အချိန်မှာတော့ အရင်ကကျွန်တော်ကြားသိထားတဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ ထောင်ချမှု သူတို့ဝါဒဖြန့်သလိုမဟုတ်ပါဘူး။ ကျွန်တော်အလင်းဝင်ရောက်တဲ့အချိန်မှာတော့ တပ်မတော်မှ တာဝန်ရှိသူတွေက နွေးထွေးစွာကြိုဆိုဆက်ဆံကြပါတယ်။ ကောင်းမွန်စွာထားတယ်။ မိသားစုသဖွယ် ဆက်ဆံကြတယ်။ အဲဒါတွေကို ကျွန်တော် မြင်ရတွေ့ရတော့ အလွန်ကိုဝမ်းသာမိပါတယ်။ ကျွန်တော် အခုလိုအလင်းဝင်ရောက်လာတဲ့အချိန်မှာ မိသားစုတွေနဲ့အတူ အေးအေးချမ်းချမ်းနေရသလိုမျိုး ကျွန်တော်နဲ့အတူ တောထဲမှာ နေထိုင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ၊ အဖွဲ့ထဲမှလူငယ်တွေကိုလည်း တောထဲမှာနေပြီး အကြောင်းမဲ့သေရမယ့်အစား မိသားစုနဲ့အတူဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းပြီးတော့ ကျွန်တော့်လို အလင်းဝင်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။ တပ်မတော်အနေနဲ့လည်း အလင်းဝင်ရောက်လာမယ့် လမ်းမှားနေတဲ့လူငယ်တွေကို နွေးထွေးစွာ ကြိုဆိုဆက်ဆံပြီးတော့ အရင်ကကြားသိထားတဲ့ ဝါဒဖြန့်တာတွေကို နားမယောင်ဘဲ အမြန်အလင်းဝင်ရောက်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။

 

၃။ အမျိုးသမီး

 

ကျွန်မတို့နောင်ချိုနယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေဟာ ကျွန်မတို့နေထိုင်တဲ့ ကျေးရွာတွေကိုလာပြီးတော့ အဓမ္မဖမ်းဆီးတဲ့အတွက် အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်မကတော့ အဖွဲ့ထဲမှာတပ်သားအနေနဲ့ ဘဏ္ဍာရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်မတို့အကြမ်းဖက်အဖွဲ့မှာ လူသစ်စုဆောင်ရေးအတွက် နောင်ချိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကိုလိုက်ပြီးတော့ အဓမ္မဖမ်းဆီးတာတွေ တစ်အိမ်တစ်ဦးမဖြစ်မနေ ဝင်ရောက်တာတွေ လုပ်ဆောင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ကျွန်မကတော့ အဖွဲ့ထဲမှာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် တိုက်ခိုက်ရတာမျိုးတော့ လုပ်ဆောင်ခြင်းမရှိပါဘူး။ ကျွန်မတွေ့မြင်ရတာကတော့ ခေါင်းဆောင်ပိုင်းတွေရဲ့ အာဏာပြပြီးတော့ ဆဲဆိုတာတွေ မတရားညှဉ်းပန်း နှိပ်စက်တာတွေတော့ တွေ့ရပါတယ်။ ကျွန်မ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် အဖွဲ့ထဲမှာနေထိုင်ရတာ ဘဝလုံခြုံမှုတော့မရှိပါဘူး၊ ခေါင်းဆောင်ပိုင်းတွေရဲ့ အာမခံချက်နဲ့ လုပ်ဆောင်ချက်တွေက ကိုက်ညီမှုမရှိတဲ့အတွက် အဖွဲ့မှာနေရတာ ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျဆင်းလာခဲ့ပါတယ်။ ကျွန်မအလင်းဝင်ဖို့ တပ်မတော်ထံ ချိတ်ဆက်တဲ့အချိန်မှာ စိတ်ကတော့ စိုးရိမ်စိတ်တွေတော့ ဖြစ်မိပါတယ်၊ ဒါပေမဲ့ ကျွန်မအမှန်တကယ်အလင်းဝင်ဖို့  လာရောက်တဲ့အချိန်မှာ တပ်မတော်အနေနဲ့ သားသမီးတစ်ဦးလို နွေးထွေးစွာဆက်ဆံတယ်။ မိသားစုဝင်တစ်ဦးလို နွေးထွေးစွာဆက်ဆံတဲ့အတွက် စိတ်လုံခြုံမှုရှိခဲ့ပါတယ်။ ကျွန်မအခုလို အလင်းဝင်ရောက်လာရတဲ့အတွက် ကျွန်မကိုယ်ကျွန်မ မှန်ကန်တယ်လိုမြင်မိပါတယ်။ ကျွန်မအခုလို အလင်းဝင်ရောက်လာပြီးတော့ မိသားစုနဲ့အတူ နွေးထွေးစွာနေထိုင်ရသလိုမျိုး အဖွဲ့ထဲမှာရှိတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေ၊ လူငယ်တွေကိုလည်း တောထဲမှာ အခုလိုနေထိုင်နေမဲ့အစား မိသားစုနဲ့အတူ ပြန်လည်နွေးထွေးစွာနေထိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီးတော့ တပ်မတော်အနေနဲ့လည်း အလင်းဝင်ရောက်လာမယ့် လမ်းမှားတဲ့လူငယ်တွေကို ကြိုဆိုလျက်ရှိပါတယ်။ ကျွန်မတို့ အရင်ကကြားခဲ့ဖူးတဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ မဟုတ်မမှန်ဘဲနဲ့ ပြောတဲ့စကားဖြစ်စေ၊ မှန်တာပြောတဲ့စကားဖြစ်စေ သူတို့ရဲ့စကားတွေကို နားမယောင်ဘဲနဲ့ ဘဝရှေ့ရေးအတွက် လျှောက်လှမ်းဖို့အတွက် အလင်းဝင်ရောက်ဖို့ တိုက်တွန်းလိုပါတယ်။

 

သတင်းစဉ်